မြင်းခြံခရိုင်အတွင်း စစ်ကောင်စီ၏ သန်းခေါင်စာရင်း ကောက်ယူခြင်းကို ကူညီဆောင်ရွက်ပေးနေသူများအား ပြင်းထန်စွာ အရေးယူမည်ဖြစ်ကြောင်း PDF သတိပေး

မြင်းခြံခရိုင်အတွင်း စစ်ကောင်စီ၏ သန်းခေါင်စာရင်း ကောက်ယူခြင်းကို ကူညီဆောင်ရွက်ပေးနေသူများအား ပြင်းထန်စွာ အရေးယူမည်ဖြစ်ကြောင်း PDF သတိပေး

မန္တလေးတိုင်း မြင်းခြံခရိုင်အတွင်းရှိ မြို့၊ရွာများတွင် စစ်ကောင်စီ၏ သန်းခေါင်စာရင်း ကောက်ယူခြင်းကို ကူညီဆောင်ရွက် ပေးနေသူများအား ပြင်းထန်စွာ အရေးယူမည်ဖြစ်ကြောင်း မြင်းခြံခရိုင် အမှတ် (၉) တပ်ရင်း Myingyan Black Tiger (MBT) အဖွဲ့မှ ၂၀၂၄ ခုနှစ် အောက်တိုဘာလ (၁၀) ရက်နေ့တွင် သတိပေးချက်ထုတ်ပြန်သည်။

စစ်ကောင်စီသည် ၎င်းတို့၏ စစ်ရာဇဝတ်မှုများကို ရွေးကောက်ပွဲ ကျင်းပပေးမည် ဟူသော ကတိဖြင့် ဖုံးအုပ်ပြီး နိုင်ငံတကာကို လိမ်လည်လှည့်ဖြားရန် ကြိုးစားလာပြီး ရွေးကောက်ပွဲအတွက် ပထမခြေလှမ်းအဖြစ် ပြည်တွင်းရှိ ၎င်းတို့စိုးမိုးနိုင်သည့် လက်ကျန် မြို့ရွာများတွင် သန်းခေါင်စာရင်းကောက်ခြင်းကို ဇွတ်တိုးလုပ်ဆောင်လာနေကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

စစ်ကောင်စီ ပြုလုပ်နေသည့် သန်းခေါင်စာရင်း ကောက်ယူခြင်းကို လုံးဝ သဘောမတူကြောင်း၊ ခွင့်မပြုကြောင်းကို လက်တွေ့ပြသမည် ဖြစ်ပြီး ၊ မြင်းခြံခရိုင်အတွင်းရှိ မြို့၊ရွာများတွင် သန်းခေါင်စာရင်း ကောက်ယူခြင်းကို ကူညီလုပ်ဆောင်ပေးနေသည့် မည်သူ့ကိုမဆို ပြင်းထန်စွာ အရေးယူသွားမည်ဖြစ်ကြောင်း  မြင်းခြံခရိုင် အမှတ် (၉) တပ်ရင်း Myingyan Black Tiger (MBT) အဖွဲ့မှ သတိပေးထားသည်။

စစ်ကောင်စီသည် ၂၀၂၄ ခုနှစ် အောက်တိုဘာလ (၁) ရက်နေ့မှ အောက်တိုဘာလ (၁၅) ရက်နေ့အထိ နိုင်ငံတဝန်းရှိ ၎င်းတို့ ထိန်းချုပ်ထားနိုင်သည့် နေရာများတွင် လူအင်အား (၄၂၀၀၀)ခန့် အသုံးပြု၍ သန်းခေါင်စာရင်းကောက်ယူခြင်းများ ဆောင်ရွက်လျှက်ရှိသည်။

#TachileikNewsAgency

Photo: Myingyan Black Tiger