နတ်တလင်းမြို့နယ်အတွင်း စစ်ကောင်စီသတင်းပေး ဆိုင်ကယ်ကယ်ရီသမားတစ်ဦး ပစ်ခတ်ခံရပြီး သေဆုံး

နတ်တလင်းမြို့နယ်အတွင်း စစ်ကောင်စီသတင်းပေး ဆိုင်ကယ်ကယ်ရီသမားတစ်ဦး ပစ်ခတ်ခံရပြီး သေဆုံး

ပဲခူးတိုင်း သာယာဝတီခရိုင် နတ်တလင်းမြို့နယ်အတွင်းတွင် ဆိုင်ကယ်ကယ်ရီဆွဲပြီး စစ်ကောင်စီသတင်းပေးအဖြစ် လုပ်ကိုင်နေသူ တစ်ဦး ပစ်ခတ်ခံရပြီး သေဆုံးကြောင်း သာယာဝတီခရိုင် တပ်ရင်း ၃၈၀၁ တပ်ခွဲ - ၂ ၊ Phoenix DF အဖွဲ့ထံမှ သိရသည်။

နတ်တလင်းမြို့နယ် တောင်ညိုမြို့သစ် အောင်ရတနာရပ်ကွက် ညောင်လှရွာတွင်နေထိုင်သည့် ဆိုင်ကယ်ကယ်ရီလိုက်ဟန်ဆောင်ပြီး စစ်ကောင်စီ သတင်းပေးအဖြစ် ဆောင်ရွက်နေသည့် ဦးမြင့်ကြည်အား ၂၀၂၄ခုနှစ် အောက်တိုဘာလ (၆) ရက်နေ့ နံနက် (၉) နာရီဝန်းကျင်တွင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ သွားရောက်ဖမ်းဆီးခေါ်ဆောင်ခဲ့ကြောင်း သိရသည်။

ထိုသို့ ဖမ်းဆီးခေါ်ဆောင်စဉ် စစ်ကောင်စီသတင်းပေးသည် ပြန်လည်ခုခံသဖြင့် ပစ်ခတ်ခဲ့ရာ သေဆုံးကြောင်း Phoenix DF အဖွဲ့က ဆိုသည်။

အဆိုပါ စစ်ကောင်စီသတင်းပေးသည် စစ်ကောင်စီနှင့် ပူးပေါင်းပြီး အချိန်အခါမရှိ သွားလာလှုပ်ရှားခွင့်ရထားသူဖြစ်ပြီး တောင်သူများ သီးနှံစိုက်ပျိုး လုပ်ကိုင်စားသောက်နေသည်ကို PDF နှင့် ပူးပေါင်းပြီး လုပ်ဆောင်နေသည်ဟု စွပ်စွဲခြိမ်းခြောက်ခြင်းများလုပ်ဆောင်ခဲ့သလို စစ်တပ်နှင့် ရဲအား သတင်းပေးခြင်းများ ဆောင်ရွက်နေသည့်အတွက် ပစ်ခတ်ခဲ့ရခြင်း ဖြစ်ကြောင်း ဆိုသည်။

ဆက်လက်၍ နတ်တလင်းမြို့နယ်အတွင်း စစ်အာဏာရှင်စနစ်ကို သက်ဆိုးရှည်အောင် အကောင်အထည်ဖော်ပေးနေသည့် ရပ်ကျေးအုပ်ချုပ်ရေးမှူး စစ်တပ်ဒေါက်တိုင်များ ၊ စစ်တပ်နှင့် ရဲသတင်းပေးများအား အလျဉ်းသင့်သလို တိုက်ခိုက်ချေမှုန်းသွားမည်ဖြစ်ကြောင်း နတ်တလင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က အသိပေးထားသည်။

#TachileikNewsAgency