စစ်ကိုင်းတိုင်းအတွင်း အာဏာသိမ်းစစ်အုပ်စု၏ အကြမ်းဖက် မီးရှို့ဖျက်ဆီးမှုကြောင့် မီးဘေးသင့်ခဲ့ရသည့် အိမ်ထောင်စုများအနက် (၄၈၈)စုကို အညာပစ်တိုင်းထောင်လေးများအဖွဲ့က မီးဖိုချောင်းသုံးပစ္စည်းများ ထောက်ပံ့ လှူဒါန်းခဲ့

စစ်ကိုင်းတိုင်းအတွင်း အာဏာသိမ်းစစ်အုပ်စု၏ အကြမ်းဖက် မီးရှို့ဖျက်ဆီးမှုကြောင့် မီးဘေးသင့်ခဲ့ရသည့် အိမ်ထောင်စုများအနက် (၄၈၈)စုကို အညာပစ်တိုင်းထောင်လေးများအဖွဲ့က မီးဖိုချောင်းသုံးပစ္စည်းများ ထောက်ပံ့ လှူဒါန်းခဲ့
ဖေဖော်ဝါရီ 4, 2023 | 2021 Military Coup| အခြားဒေသများ

 စစ်ကိုင်းတိုင်းအတွင်း အာဏာသိမ်းစစ်အုပ်စု၏ မီးရှို့အကြမ်းဖက် ဖျက်ဆီးမှုကြောင့် မီးဘေးသင့်ခဲ့ရသည့် အိမ်ထောင်စုများစွာထဲက ယင်းမာပင် နှင့် ဆားလင်းကြီးမြို့နယ် အတွင်းမှ အညာပစ်တိုင်းထောင်လေးများအဖွဲ့၏ ထောက်ပံ့မှု အိမ်ထောင်စုပေါင်း (၄၈၈)စုမြောက်အဖြစ် အိမ်ထောင်စု(၈၀)ကို လက်ဝယ်အရာက် ထောက်ပံ့လှူဒါန်း လှူဒါန်းပေးခဲ့ကြောင်း ၂၀၂၃ခုနှစ် ဖေဖော်ဝါရီလ(၄)ရက်နေ့တွင် သတင်းထုတ်ပြန်လာသည်။ 

"ကျွန်တော်တို့ အညာပစ်တိုင်းထောင်လေးများအနေနဲ့ ပဥ္စမ အကြိမ်အဖြစ် လှူဒါန်းဖြစ်တာပါ။ ပြည်တွင်း ပြည်ပက အလှူရှင်တွေနဲ့ ချိတ်ဆက်ပြီး ပစ္စည်းစုံစုံလင်လင် လှူဒါန်းခဲ့တာပါ။ ကျွန်တော်တို့ အဖွဲ့အနေနဲ့ မီးရှို့ခံလိုက်ရတဲ့ ပြည်သူတွေအတွက် ဆက်လက်ကြိုးစားနေပါတယ်"ဟု အညာပစ်တိုင်းထောင်လေးများအဖွဲ့၏ ဦးဆောင်သူတစ်ဦးက ဆိုသည်။

ယင်းမာပင်မြို့နယ်အတွင်း အာဏာသိမ်းစစ်အုပ်စု၏ မီးရှို့အကြမ်းဖက် ဖျက်ဆီးမှုကို ခံနေရသည့် ကျေးရွာများထဲက အိမ်ခြေများစွာအနက် အိမ်ခြေ(၈၀)ကို တစ်အိမ်ထောင်စုလျှင် ဆန်(၂)ပြည်၊ ဆီ(၅၀)ကျပ်သား နှင့် ဒန်အိုး(၁)လုံး၊ ဒယ်အိုး(၁)လုံး၊ ဇလုံ(၃)လုံး၊ ဇွန်း(၃)ချောင်း၊ ကြွေအုပ်(၁)လုံး၊ ဖလား(၁)လုံးအပြင် ရေခွက်(၁)လုံး စသည့် မီးဖိုချောင်းသုံး ပစ္စည်းများကို ထောက်ပံ့ပေးအပ်ခြင်းဖြစ်ကြောင်း သိရသည်။

ပထမအကြိမ်အဖြစ် ဆားလင်းကြီးမြို့နယ်အတွင်းမှ အိမ်ထောင်စု(၁၂၈)စု ၊ ဒုတိယအကြိမ်အဖြစ် ဆားလင်းကြီးမြို့နယ်အတွင်းမှ အိမ်ထောင်စု( ၉၃ )စု၊ တတိယအကြိမ်အဖြစ် ဆားလင်းကြီးမြို့နယ်အတွင်းမှ အိမ်ထောင်စု(၈၇)စု၊ စတုတ္ထအကြိမ်အဖြစ် ဆားလင်းကြီးမြို့နယ်အတွင်းမှ အိမ်ထောင်စု (၁၀၀) အပါအဝင် ယခု ပဥ္စမအကြိမ်အဖြစ် ယင်းမာပင်မြို့နယ်အတွင်း အိမ်ထောင်စု (၈၀)ကို ထောက်ပံ့လှူဒါန်းခဲ့ရာ အညာပစ်တိုင်းထောင်လေးများအဖွဲ့ အနေဖြင့် ကျေးရွာများအတွင်း အိမ်ထောင်စုပေါင်း (၄၈၈)စုကို ထောက်ပံ့လှူဒါန်းနိုင်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

အညာပစ်တိုင်းထောင်လေးများအဖွဲ့သည် အာဏာသိမ်းစစ်အုပ်စု၏ အကြမ်းဖက်မီးရှို့ဖျက်ဆီးမှုများကြောင့် မီးဘေးသင့်ခဲ့ရသည့် ကျေးရွာများရှိ‌ နေအိမ်များ၏ အိမ်ထောင်စုများကို မီးဖိုချောင်သုံးပစ္စည်းများ ထောက်ပံ့ပေးအပ်သည့်အပြင် စစ်အုပ်စု၏ ဖမ်းဆီးနှိပ်စက်မှုကို မခံနိုင်၍ ထွက်ပြေးရသည့် စစ်ရှောင်ပြည်သူများကိုလည်း အစားအသောက်များ ပေးဝေလှူဒါန်းပေးခြင်းများ ပြုလုပ်နေလျှက်ဖြစ်သည့်အတွက် ပြည်တွင်း ပြည်ပမှ စေတနာရှင် အလှူရှင်များအနေဖြင့် အညာ ပစ်တိုင်းထောင်လေးများအဖွဲ့ ၏ facebook page သို့ ဆက်သွယ်ပြီး လှူဒါန်းနိုင်ကြောင်းလည်း အသိပေးမေတ္တာရပ်ခံထားရှိသည်။



 

Photo: အညာပစ်တိုင်းထောင်လေးများအဖွဲ့