စေတုတ္တရာမြို့နယ် နန်ကြူကျေးရွာအုပ်စုအတွင်းမှ အုပ်ချုပ်ရေးမှူးများကို သန်းခေါင်စာရင်းကောက်ယူရေး အစည်းအဝေးခေါ်ထားသည့် ပျူစောထီးခေါင်းဆောင် အုပ်ချုပ်ရေးမှူး ပစ်ခတ်ခံရပြီး သေဆုံး

စေတုတ္တရာမြို့နယ် နန်ကြူကျေးရွာအုပ်စုအတွင်းမှ အုပ်ချုပ်ရေးမှူးများကို သန်းခေါင်စာရင်းကောက်ယူရေး အစည်းအဝေးခေါ်ထားသည့် ပျူစောထီးခေါင်းဆောင် အုပ်ချုပ်ရေးမှူး ပစ်ခတ်ခံရပြီး သေဆုံး

မကွေးတိုင်း မင်းဘူးခရိုင် စေတုတ္တရာမြို့နယ် နန်ကြူကျေးရွာအုပ်စုအတွင်းမှ အုပ်ချုပ်ရေးမှူးများကို သန်းခေါင်စာရင်းကောက်ယူရေး အစည်းအဝေးခေါ်ထားသည့် ပျူစောထီးခေါင်းဆောင် အုပ်ချုပ်ရေးမှူး အစည်းအဝေး မကျင်းပမှီ တစ်ရက်အလိုတွင် ပစ်ခတ်ခံရပြီး သေဆုံးကြောင်း စေတုတ္တရာမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ ထံမှ သိရသည်။

စေတုတ္တရာမြို့နယ် မြို့နယ်အဆင့် ပျူစောထီးအဖွဲ့များ ဖွဲ့စည်းခြင်းကော်မတီတွင် ပါဝင်နေသည့် နန်ကြူရွာမှ ပျူစောထီးခေါင်းဆောင် အုပ်ချုပ်ရေးမှူး မုန်တိုင်းအား ၂၀၂၄ခုနှစ် စက်တင်ဘာလ (၁) ရက်နေ့ ည (၉)နာရီ (၁၅) မိနစ်တွင် စေတုတ္တရာမြို့နယ် (ပ.က.ဖ) မှ သွားရောက်ဖမ်းဆီးခဲ့ကြောင်း သိရသည်။

ထိုသို့ သွားရောက်ဖမ်းဆီးစဉ် နန်ကြူရွာ နှင့် (၃)ကီလိုမီတာခန့်တွင် နန်ကြူရွာ ပျူစောထီးအဖွဲ့များမှ သေနတ်များ ပစ်ဖောက်၍ ပျူစောထီးခေါင်းဆောင်အား ကယ်ထုတ်ရန် လိုက်လာကြပြီး ၊ သေနတ်သံများ ကြားသည့်အချိန်တွင် ပျူစောထီးခေါင်းဆောင်သည် သေနတ်လု၍ ခုခံထွက်ပြေးရန် လုပ်ဆောင်သဖြင့် ပစ်ခတ်ခဲ့ရာ သေဆုံးခဲ့ခြင်းဖြစ်ကြောင်း စေတုတ္တရာမြို့နယ် (ပ.က.ဖ) က ဆိုသည်။

ပျူစောထီးခေါင်းဆောင် အုပ်ချုပ်ရေးမှူးအား သွားရောက်ဖမ်းဆီးစဉ် စစ်ကောင်စီနှင့် ပက်သက်သည့်အချက်အလက်များအား သိမ်းဆည်းနိုင်ခဲ့ပြီး ၎င်းသည် အောက်တိုဘာလ (၂)ရက်နေ့တွင် ပြုလုပ်မည့် ကျေးရွာတိုက်နယ်အုပ်ချုပ်ရေးမှူးများ သန်းခေါင်စာရင်းကောက်ယူခြင်းဆိုင်ရာ အစည်းအဝေးတက်ရောက်ရန် ၄င်း၏ အုပ်စုအတွင်းမှ အုပ်ချုပ်ရေးမှူးများကို ဆင့်ခေါ်ထားသူ တစ်ဦးလည်းဖြစ်ကြောင်း သိရသည်။

စေတုတ္တရာမြို့နယ်အတွင်းတွင် စစ်ကောင်စီနှင့် ပူးပေါင်းပြီး ပျူစောထီးအဖွဲ့ ဖွဲ့စည်းခြင်း ၊ သန်းခေါင်စာရင်းကောက်ယူရာတွင် ပူးပေါင်းပါဝင်ခြင်း၊ ကူညီပံ့ပိုးခြင်းများ လုပ်ဆောင်ခြင်းမပြုရန်နှင့် ပြုလုပ်ပါက ပြင်းထန်စွာ အရေးယူသွားမည်ဖြစ်ကြောင်း စေတုတ္တရာမြို့နယ် (ပ.က.ဖ) က အသိပေးထားသည်။

#TachileikNewsAgency