စစ်ကောင်စီ၏ ဖိတ်ခေါ်ချက်ကို လက်ခံစဉ်းစားမည်မဟုတ်ဘဲ စစ်အာဏာရှင်စနစ် ပျက်သုဉ်းသည်အထိ ဆက်လက်တိုက်ပွဲဝင်သွားမည်ဖြစ်ကြောင်း မွန်ပြည်ဖက်ဒရယ်ကောင်စီ ကြေညာ

စစ်ကောင်စီ၏ ဖိတ်ခေါ်ချက်ကို လက်ခံစဉ်းစားမည်မဟုတ်ဘဲ စစ်အာဏာရှင်စနစ် ပျက်သုဉ်းသည်အထိ ဆက်လက်တိုက်ပွဲဝင်သွားမည်ဖြစ်ကြောင်း မွန်ပြည်ဖက်ဒရယ်ကောင်စီ ကြေညာ

စစ်ကောင်စီ၏ နိုင်ငံရေးဆွေးနွေးပွဲ ဖိတ်ခေါ်ချက်ကို လက်ခံစဉ်းစားမည်မဟုတ်ဘဲ စစ်အာဏာရှင်စနစ် ပျက်သုဉ်းသည်အထိ ဆက်လက်တိုက်ပွဲဝင်သွားမည်ဖြစ်ကြောင်း မွန်ပြည်ဖက်ဒရယ်ကောင်စီမှ ၂၀၂၄ ခုနှစ် စက်တင်ဘာလ (၂၉)ရက်နေ့ ညပိုင်းတွင် သတင်းထုတ်ပြန်သည်။

တိုင်းပြည်နှင့် လူထုကို နည်းလမ်းမျိုးစုံအသုံးပြုကာ ဖိနှိပ်သတ်ဖြတ်လျက်ရှိသည့် စစ်ကောင်စီသည် စက်တင်ဘာလ (၂၆)ရက်နေ့တွင် နိုင်ငံရေး လှည့်ကွက်တစ်ခုအနေဖြင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများနှင့် ပြည်သူ့ကာကွယ်ရေးအဖွဲ့များကို လက်နက်ကိုင်လမ်းစဉ်ကို စွန့်ပြီး နိုင်ငံရေးဆွေးနွေးရန် ဖိတ်ခေါ်လိုက်ကြောင်း မွန်ပြည်ဖက်ဒရယ်ကောင်စီက ဆိုသည်။

စစ်ကောင်စီသည် နိုင်ငံရေး ၊ စစ်ရေး ၊ စီးပွားရေး အစရှိသဖြင့် အဘက်ဘက်မှ ပြိုလဲကျဆုံးနေချိန်တွင် နိုင်ငံတကာတရားဝင်မှုရရှိရေးကို အားထုတ်သည့်အနေဖြင့် အတုအယောင် ရွေးကောက်ပွဲကို ကျင်းပရန်ပြင်ဆင်သည်နှင့် တပြိုင်တည်း ယခုနိုင်ငံရေးဆွေးနွေးပွဲ ကျင်းပရန် အားထုတ်လာခြင်းဖြစ်ကြောင်း ဆိုသည်။

တော်လှန်ရေးအဖွဲ့များအား လက်နက်စွန့်ကာ နိုင်ငံရေးဆွေးနွေးပွဲသို့လာရောက်ရန် ဖိတ်ခေါ် ထားချိန်တွင်  စစ်ကောင်စီသည် လေကြောင်းအသုံးပြုပြီး အရပ်သားများကို ပစ်မှတ်ထား တိုက်ခိုက်ခြင်းသည် ရိုးသားဖြောင့်မှန်မှုမရှိသော လုပ်ရပ်ဖြစ်ကြောင်း မွန်ပြည်ဖက်ဒရယ်ကောင်စီက အသိပေးထားသည်။

မွန်ပြည်ဖက်ဒရယ်ကောင်စီသည် နိုင်ငံရေးပြဿနာကို လက်နက်ဖြင့် ဖြေရှင်းခြင်းနှင့် အာဏာသိမ်းသည့် လုပ်ရပ်များကို ဆန့်ကျင်ကာ စစ်မှန်ပြီး တိုင်းရင်းသားပြည်သူတရပ်လုံး ပါဝင်သည့် ငြိမ်းချမ်းရေးဆွေးနွေးပွဲကိုသာ ကြိုဆိုကြောင်း အသိပေးထားသည်။

စစ်တပ်အာဏာရရှိရေးကို ဒေါက်တိုင် ပြုထားသည့် ၂၀၀၈ ဖွဲ့စည်းပုံ ဖျက်သိမ်းရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရေးကို ဦးတည်သည့် မည်သည့် နိုင်ငံရေးဆွေးနွေးပွဲမဆို ကြိုဆိုထောက်ခံပြီး ပါဝင်သွားရန် အသင့် ဖြစ်ကြောင်း မွန်ပြည်ဖက်ဒရယ်ကောင်စီက ဆိုသည်။

စစ်ကောင်စီ၏ နိုင်ငံရေးလှည့်ကွက်အဖြစ် ဖန်တီးထားသော ဆွေးနွေးပွဲတွင် ပါဝင်ရန် လက်ခံစဉ်းစားမည်မဟုတ်ဘဲ စစ်အာဏာရှင်စနစ် ပျက်သုဉ်းသည်အထိ ဆက်လက် တိုက်ပွဲဝင်သွားမည်ပြီး ၊ ဘဝတူ တော်လှန်ရေး အဖွဲ့အစည်းများနှင့်လည်း လက်တွဲကာ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်နိုင်ရေးကို ပန်းတိုင်အဖြစ် ထားရှိပြီး ဆက်လက် ချီတက် လုပ်ဆောင်သွားမည်ဖြစ်ကြောင်း မွန်ပြည်ဖက်ဒရယ်ကောင်စီက အသိပေးထားသည်။

#TachileikNewsAgency

Photo: Mon State Federal Council - MSFC