မြန်မာနိုင်ငံအတွင်း စစ်အစိုးရအနေဖြင့် စာသင်ကျောင်းများနှင့် အရပ်သားများအား ပစ်မှတ်ထား တိုက်ခိုက်နေခြင်းများအား ချက်ခြင်း ရပ်တန့်ရမည်ဖြစ်ကြောင်း အမေရိကန်နိုင်ငံ၏ နိုင်ငံတကာဖွံ့ဖြိုးမှုအေဂျင်စီ (USAID) သတင်းနှင့်စာနယ်ဇင်း ဆက်ဆံရေးရုံး ပြောရေးဆိုခွင့်ရှိသူ Benjamin Suarato ၏ ထုတ်ပြန်ချက်အရ သိရသည်။
မှတ်တမ်းပြုစုထားချက်များအရ လွန်ခဲ့သည့်နှစ်နှစ်အတွင်း စာသင်ကျောင်းပေါင်း (၁၇၄)ကျောင်းကို ပစ်မှတ်ထား တိုက်ခိုက်မှုများနှင့်အတူ အရပ်သားများ နေထိုင်ရာဒေသများကို ပစ်မှတ်ထား တိုက်ခိုက်မှုများကြောင့် အရပ်သားများ သေဆုံးခဲ့ရပြီး ၊ ကလေးသူငယ်များနှင့် လူငယ်များလည်း လုံခြုံစွာပညာ သင်ကြားခွင့်ကို ဆုံးရှုံးခဲ့ရကြောင်း USAID က ဆိုသည်။
အဆိုပါ ပစ်မှတ်ထားတိုက်ခိုက်မှုများသည် USAID မှ ပြည်တွင်းပညာရေးမိတ်ဖက်အဖွဲ့အစည်းများ၊ နိုင်ငံတကာအဖွဲ့အစည်းများနှင့် ပူးပေါင်းလုပ်ဆောင်လျက်ရှိသည့် မြန်မာနိုင်ငံရှိ ပဋိပက္ခဒဏ်ခံစားနေကြရသော ကလေးသူငယ်များနှင့် လူငယ် (၃၀၀,၀၀၀)ကျော် အတွက် လုံခြုံစိတ်ချရသော ပညာသင်ကြားရေးနေရာများ ဖန်တီးထောက်ပံ့ပေးနိုင်ရေးလုပ်ငန်းကို ခြိမ်းခြောက်လျက်ရှိကြောင်း USAID က အသိပေးထားသည်။
မြန်မာစစ်အစိုးရက ရှမ်းပြည်နယ်နှင့် ကယားပြည်နယ်ရှိ စာသင်ကျောင်းများကို လေကြောင်းမှ တိုက်ခိုက်မှုများ ပြုလုပ်ခဲ့ကြောင်း ခိုင်လုံပြီး စိစစ်အတည်ပြုထားသော အစီရင်ခံစာများကို စက်တင်ဘာလအစောပိုင်းတွင် USAID က လက်ခံရရှိခဲ့ပြီး အဆိုပါ တိုက်ခိုက်မှုများအတွင်း အသက် (၉) နှစ်မှ (၁၆) နှစ်ကြား ကလေးငယ်အများအပြား သေဆုံးခဲ့ကြရပြီး တစ်ခြားသူများလည်း ထိခိုက်ဒဏ်ရာများ ရရှိခဲ့ကြကြောင်း သိရသည်။
အရပ်သားများနှင့် ထိခိုက်လွယ်သော ရပ်ရွာလူမှုအသိုင်းအဝိုင်းများအပေါ် စစ်အစိုးရ၏ အကြမ်းဖက်လုပ်ဆောင်မှုများကို USAID မှ ပြင်းပြင်းထန်ထန် ရှုတ်ချပြီး ဆက်လက်ဖြစ်ပွားလျက်ရှိသည့် အကြမ်းဖက်လုပ်ဆောင်မှုများ၏ ခြိမ်းခြောက်မှုသည် အထောက်အပံ့များနှင့် မရှိမဖြစ်လိုအပ်သောဝန်ဆောင်မှုများ လိုအပ်နေသည့် ရပ်ရွာလူမှုအသိုင်းအဝိုင်းများထံသို့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ မိတ်ဖက်အဖွဲ့အစည်းများ၏ လက်လှမ်းမှီရောက်ရှိနိုင်မှုကို ဆက်လက်ပိတ်ပင်တားဆီး လျက်ရှိကြောင်း သိရသည်။
အဆိုပါ တိုက်ခိုက်မှုများသည် ကလေးများ၊ ဆရာ၊ ဆရာမများနှင့် လူမှုအသိုင်းအဝိုင်းများအပေါ် နက်ရှိုင်းသော ရုပ်ပိုင်းဆိုင်ရာနှင့် စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုများကို ဖြစ်စေခဲ့သည့်အပြင် ပညာရေးကိုလည်း ကာလရှည်ကြာ အနှောင့်အယှက်ဖြစ်စေပြီး လူထောင်ပေါင်းများစွာကိုလည်း ထွက်ပြေးပြောင်းရွှေ့စေခဲ့ကြောင်း USAID က အသိပေးထားသည်။
#TachileikNewsAgency