နိုင်ငံတကာဆက်ဆံရေး နယ်ပယ်များတွင် ကမ္ဘာ့အင်အားကြီးနိုင်ငံများ၏ လက်ဝေခံ အဖြစ်မခံရေး အလေးအနက်ထား ဆောင်ရွက်ကြရန် NUG ယာယီသမ္မတ တိုက်တွန်း

နိုင်ငံတကာဆက်ဆံရေး နယ်ပယ်များတွင် ကမ္ဘာ့အင်အားကြီးနိုင်ငံများ၏ လက်ဝေခံ အဖြစ်မခံရေး အလေးအနက်ထား ဆောင်ရွက်ကြရန် NUG ယာယီသမ္မတ တိုက်တွန်း

နိုင်ငံတကာဆက်ဆံရေး နယ်ပယ်များတွင် ကမ္ဘာ့အင်အားကြီးနိုင်ငံများ၏ လက်ဝေခံ အဖြစ်မခံရေး အလေးအနက်ထား ဆောင်ရွက်ကြရန် လိုအပ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ၏ ၂၀၂၄ ခုနှစ် စက်တင်ဘာလ (၂၄)ရက်နေ့တွင် ပြုလုပ်သည့် အစိုးရအဖွဲ့အစည်းအဝေးတွင် ယာယီသမ္မတ ဒူဝါလရှီးလက တိုက်တွန်းပြောဆိုသည်။

ကျယ်ပြန့်သည့် နိုင်ငံတကာဆက်ဆံရေး နယ်ပယ်များတွင် ကမ္ဘာ့အင်အားကြီးနိုင်ငံများ၏ လက်ဝေခံ အဖြစ်မခံရေးနှင့် နိုင်ငံကြီးများ၏ နိုင်ငံခြားရေးကစားကွင်းတွင် နယ်ရုပ်မဖြစ်စေရေးကို အလေးအနက်ထားကြရန် အထူးလိုအပ်ကြောင်း ယာယီသမ္မတက ဆိုသည်။

“နိုင်ငံတစ်ခုဟာ ကြီးသည်ဖြစ်စေ၊ ငယ်သည်ဖြစ်စေ နိုင်ငံတော်ဆိုတဲ့ ဂုဏ်ဒြပ်နဲ့ထိုက်ထိုက်တန်တန် ရှိနေရမှာဖြစ်ပါတယ်။ ကျွန်တော်တို့အနေနဲ့ တိုင်းပြည်အတွင်းက လူမျိုးအားလုံးရဲ့ ကိုယ့်ကြမ္မာကိုယ် ပြဋ္ဌာန်းခွင့်ကို အထူးလေးစားသလို၊ ကျွန်တော်တို့ နိုင်ငံရဲ့ လွတ်လပ်သော အချုပ်အခြာအာဏာကိုလည်း အထူးလေးစားကြဖို့လိုကြောင်း ပြောကြားအပ်ပါတယ်။”ဟု ယာယီသမ္မတ ဒူဝါလရှီးလက ပြောသည်။

ဒေသတွင်းနိုင်ငံရေး ရာသီဥတု အခြေအနေများသည် စစ်အာဏာရှင်စနစ် သက်ဆိုးရှည်ရေးအတွက် ဦးတည်စေခြင်းမျိုး မဖြစ်ပေါ်စေရန်နှင့် အကျိုးစီးပွားသည် လက်တွေ့နိုင်ငံရေးတွင် အရေးတကြီး ထည့်သွင်းစဉ်းစားကြသည့် ကိစ္စဖြစ်သည့်အတွက် နိုင်ငံကြီးများ၏ နိုင်ငံခြားရေးအမြင်များကို လေ့လာအကဲခက်သည့်နေရာတွင် အခြေအနေအမှန်ကို ချန်လှပ်ထား၍ မရကြောင်း ယာယီသမ္မတက ဆိုသည်။

“ကျွန်တော်တို့ နိုင်ငံရဲ့ ပြည်တွင်းရေးကိစ္စတွေဟာ Global Power Competition လို့ခေါ်တဲ့ အင်အားကြီးနိုင်ငံတွေရဲ့ အားပြိုင်မှုတွေ ကြားမှာ အမြဲတမ်း လူးသာလွန့်သာဖြစ်အောင် ကြိုးစားကြရပါတယ်။ အခုလို ပြည်တွင်းမှာ အင်အားစုတွေ အကြား ဒိုင်းနမစ် အစုံအလင်ဖြစ်နေတဲ့ အခြေအနေဟာ နိုင်ငံရေးအရပဲ ဖြစ်ဖြစ်၊ စစ်ရေးအရပဲ ဖြစ်ဖြစ် အင်မတန် အကဲဆတ်တယ်လို့ ပြောနိုင်ပါတယ်။” ဟု ယာယီသမ္မတ ဒူဝါလရှီးလက ပြောသည်။

နိုင်ငံရေးအနေဖြင့် အကြမ်းနှင့်အနု ၊ အမာနှင့်အပျော့ ၊ အပူနှင့်အအေးဆိုသည့် ဝိရောဓိများကို သိမ်မွေ့စွာ ကိုင်တွယ်နိုင်ရေးအတွက် အလေးအနက်ထား လုပ်ဆောင်ရန် အထူးလိုအပ်ကြောင်း ယာယီသမ္မတက တိုက်တွန်းပြောဆိုခဲ့သည်။

ဆက်လက်၍ သတင်း၊ ဆက်သွယ်ရေးနှင့် ဆိုက်ဘာလုံခြုံရေးကိစ္စရပ်များအတွက် Federal Net ကို အကောင်အထည်ဖော်ရန် ဆွေးနွေးတိုင်ပင်ကြရာတွင် ဆက်သွယ်ရေးနည်းပညာနှင့် ပတ်သက်ပြီး လူထုဝန်ဆောင်မှုများကို ထိရောက်စွာ လုပ်ဆောင်နိုင်ရန် စနစ်တကျ ဆောင်ရွက်ရန်နှင့် ပညာရေးနှင့် ကျန်းမာရေးကဏ္ဍများတွင် ဆက်သွယ်ရေးနည်းပညာများ၏ ပံ့ပိုးမှုနှင့်အတူ ထောက်ပံ့ကူညီနိုင်ရန် အလေးအနက်ထား ဆွေးနွေးရန် လိုအပ်ကြောင်း အစိုးရအဖွဲ့အစည်းအဝေးတွင် ယာယီသမ္မတက တိုက်တွန်းပြောဆိုခဲ့ကြောင်း သိရသည်။

#TachileikNewsAgency

Photo: National Unity Government of Myanmar