တော်လှန်ရေးပုံဖျက်လိုသူများက PDF အမည်သုံး၍ ဆက်ကြေးတောင်းသည့် စာများဖြန့်ဝေနေပြီး အဆိုပါစာများ လုပ်ငန်းရှင်များထံသို့ ရောက်ရှိလာပါက ဆက်သွယ်အသိပေးနိုင်ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) အမှတ်(၂) စစ်ဒေသခွဲ၊ တောင်ပိုင်းစစ်ဒေသမှ ၂၀၂၄ ခုနှစ် စက်တင်ဘာလ (၂၄) ရက်နေ့တွင် အသိပေးချက် ထုတ်ပြန်သည်။
တောင်ပိုင်းစစ်ဒေသ အမှတ် (၂) စစ်ဒေသခွဲ ကွပ်ကဲမှုအောက်ရှိ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) တပ်ရင်း ၊ စစ်ကြောင်းများနှင့် ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ) များ၏ အမည်များ၊ အမှတ်တံဆိပ်များကို အသုံးပြု၍ တော်လှန်ရေးကို ပုံဖျက်လိုသူများက စီးပွားရေး လုပ်ငန်းရှင်များနှင့် ပြည်သူများထံသို့ ခြိမ်းခြောက် ငွေညှစ် ဆက်ကြေးတောင်းသည့် စာများ၊ အသံဖိုင်နှင့် ဗီဒီယိုဖိုင်များ ပေးပို့ခြင်း၊ အွန်လိုင်းတွင် ဖြန့်ဝေခြင်းများ ပြုလုပ်လျက်ရှိကြောင်း သိရသည်။
ယင်းစာများမှာ အမှတ်(၂) စစ်ဒေသခွဲ ကွပ်ကဲမှုအောက်ရှိ PDF တပ်ရင်း၊ စစ်ကြောင်းများနှင့် ပြည်သူ့ ကာကွယ်ရေးအဖွဲ့(ပကဖ) များ၏ လုပ်ဆောင်ချက် လုံးဝမဟုတ်ဘဲ စစ်ကောင်စီ၏ လက်ပါးစေများက ရည်ရွယ်ချက်ရှိရှိ လုပ်ကြံရေးသားဖြန့်ဝေနေသော စာများသာဖြစ်ကြောင်း တောင်ပိုင်းစစ်ဒေသ အမှတ် (၂) စစ်ဒေသခွဲက ဆိုသည်။
လုပ်ငန်းရှင်များအနေဖြင့်လည်း အဆိုပါစာများ ရောက်ရှိလာပါက တောင်ပိုင်းစစ်ဒေသ၊ အမှတ်(၂)စစ်ဒေသခွဲ ကွပ်ကဲမှုအောက်ရှိ PDF တပ်ရင်း စစ်ကြောင်းနှင့် ပကဖ များက ဆောင်ရွက်ခြင်း ဟုတ်မဟုတ် စိစစ်နိုင်ရန် အမှတ် (၂) စစ်ဒေသခွဲ၏ Email [email protected] သို့ ဖြစ်စေ၊ အမှတ် (၂) စစ်ဒေသခွဲ၏ တရားဝင်သတင်းစာမျက်နှာသို့ ဖြစ်စေ ဆက်သွယ် အသိပေးနိုင်ကြောင်း သိရသည်။
အကယ်၍ PDF၊ ပကဖ တပ်ဖွဲ့ သို့မဟုတ် အဖွဲ့ဝင်တစ်ဦးဦး၏ လုပ်ဆောင်ချက်ဖြစ်ကြောင်း စိစစ်တွေ့ရှိရပါကလည်း PDF တပ်မတော်၏ စစ်စည်းကမ်းဥပဒေနှင့်အညီ ပြင်းထန်စွာ အရေးယူ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း အမှတ် (၂) စစ်ဒေသခွဲက အသိပေးထားသည်။
#TachileikNewsAgency