တောင်ငူရေဘေး ကူညီသူများကို စစ်ကောင်စီတပ်က အမည်နှင့် မှတ်ပုံတင်တောင်းကာ ပစ္စည်းများကိုသိမ်းယူ

တောင်ငူရေဘေး ကူညီသူများကို စစ်ကောင်စီတပ်က အမည်နှင့် မှတ်ပုံတင်တောင်းကာ ပစ္စည်းများကိုသိမ်းယူ
စက်တင်ဘာ 23, 2024 | 2021 Military Coup| အခြားဒေသများ

ပဲခူးတိုင်း တောင်ငူမြို့နယ်ရှိ ရေဘေးသင့်ပြည်သူများကို အစားအစာထောက်ပံ့ခွင့် စစ်ကောင်စီတပ်က ကန့်သတ်ထားပြီး ဆန်၊ ဆီ၊ ဆား၊ ငရုပ်၊ ကြက်သွန်ကအစ လောင်စာဆီအဆုံး လှူခွင့်ပိတ်ပင်ကာ သိမ်းဆည်းကြောင်း ဒေသခံများထံမှ သိရသည်။ 

တောင်ငူမြို့နယ်တွင် စစ်တောင်းမြစ်ရေသည် ယနေ့ ၂၀၂၄ခုနှစ် စက်တင်ဘာလ (၂၃)ရက်နေ့အထိ စိုးရိမ်ရေအမှတ်ထက် (၃)ပေအထိ ကျော်လွန်နေသေးပြီး ဒေသခံများခက်ခဲ၍ အကူအညီများ လိုအပ်နေချိန်တွင် စစ်ကောင်စီတပ်က မြို့ဝင်၊ မြို့ထွက်တွင် ရေဘေးအလှူပစ္စည်းများကို စစ်ဆေးကာ လိုက်ပါလာသူများ၏ အမည်နှင့် မှတ်ပုံတင်တို့ကို တောင်းယူစစ်ဆေးနေခြင်းဖြစ်သည်ဟု သိရသည်။

“ရွာသစ်ရွာလို ရွာမျိုးကျတော့ သွားလှူဖို့အဆင်မပြေပါဘူး။ နောက်အဲဒီရွာဘက်က စက်လှေအကြီးတောင် သွားမရပါဘူး။ နောက်အခုက တစ်ခြားမြို့နယ်တွေက လာလှူဖို့အဆင်မပြေပါဘူး။ လှူမယ်ဆို ဌာနဆိုင်ရာက လူဦးရေ အတိအကျ၊ နောက်လှူမယ့်ပစ္စည်း အတိအကျနဲ့ သူတို့သက်ဆိုင်ရာကို အကြောင်းကြားသတင်းပို့ရပါတယ်။” ဟု ဒေသခံတစ်ဦးက တာချီလိတ်သတင်းအေဂျင်စီ ကိုပြောသည်။ 

စစ်ကောင်စီတပ်က လာရောက်လှူဒါန်းမှုများမှ ဆန်၊ ဆီ၊ ဆား၊ ငရုပ်၊ ကြက်သွန်ကအစ လောင်စာဆီအဆုံး လှူခွင့်မပြုဘဲ သိမ်းဆည်းပြီး ရေသန့်၊ မုန့်ခြောက်များကိုလည်း ၎င်းတို့ခွင့်ပြုချက်ရသည့်နေရာများတွင်သာ လှူဒါန်းရသည်ဟု ဆိုသည်။

“သူတို့က အကုန်ကန့်သတ်လိုက်တာ။ မြို့အဝင်အထွက်တွေလည်း ပိတ်တယ်။ မြို့အဝင်ကနေ ပိတ်ပြီးရင် ဘာလှူမှာလဲ၊ ဘာပါလဲပေါ့။ လူဦးရေစာရင်းအတိအကျ နာမည်၊ မှတ်ပုံတင်ကိုတောင်းတယ် ဘယ်သွားလှူမှာလည်း မေးတယ်။ သူတို့ သက်ဆိုင်ရာဌာနကို ခွင့်ပြုချက်ရမှ လှူရမှာပေါ့နော်။ တောင်ငူအရှေ့ဘက်ရွာတွေရယ် ထန်းတပင်ဘက်ကရွာတွေရယ် အကူအညီမရကြပါဘူး။ PDF ထိန်းချုပ်နယ်မြေဆိုပြီး သွားခွင့်မပြုတာပါ။”ဟု ဒေသခံတစ်ဦးက ဆက်ပြောသည်။

စစ်တောင်းမြစ်ရေသည် လက်ရှိအချိန်ထိ မကျသေးသည့်အခြေအနေဖြစ်ပြီး မြို့ပေါ်ရပ်ကွက်များဖြစ်သည့် ရပ်ကွက်(၈၊ ၉၊ ၁၀)နှင့် ကမ်ရိုးကျေးရွာဘက်များ၊ ရန်ကုန်-မန္တလေးလမ်းဟောင်းပေါ်တို့ ရေပြန်ကျသွားပြီဖြစ်သော်လည်း ကမ်းနီကျေးရွာ၊ မိုးကောင်းအုပ်စု၊ ညောင်သုံးပင်၊ ထန်းတပင်မြို့နယ် ရွာသစ်ရွာ၊ ဝတီး၊ ညောင်ပင် ကြီးရွာ စသည်ဖြင့် ရွာပေါင်း(၂၀)နီးပါး ရေမြုပ်နေဆဲဖြစ်ကြောင်း သိရသည်။

“စားဝတ်နေရေး အခက်အခဲရှိနေဆဲပါပဲ။ ရွာတွေကတော့ စစ်တောင်းမြစ်အရှေ့ဘက်ခြမ်းက ရွာတွေပါပဲ။ ရေဘေးသင့် ပြည်သူ(၂၀၀၀)ကျော် လောက်နဲ့ ရွာပေါင်း(၂၀)ကျော်ပေါ့ ဒါတွေက ကျွန်တော်တို့တို့ စိုးမိုးနယ်မြေအတွင်းနော်။ လာတဲ့သူတွေကိုလည်း စစ်ကောင်စီက ဒီလိုမျိုးခြိမ်းခြောက်တာတွေလုပ်နေတော့ ကြောက်ကြတာပေါ့။ လာတဲ့အဖွဲ့တွေလည်း ရှိပါတယ်။”ဟု ပြည်သူ့ကာကွယ်ရေးတပ်တော်၊ တပ်ရင်းအမှတ်( ၃၅၀၂) စစ်ကြောင်း၊ စစ်ကြောင်းတပ်ခွဲ-တပ်ခွဲ(၄)မှ သတင်းနှင့် ပြန်ကြားရေးတာဝန်ခံ ရဲဘော်ဗိုလ်အောက်ထောင်က တာချီလိတ်သတင်းအေဂျင်စီ ကိုပြောသည်။

ယနေ့ နံနက်(၇)နာရီခွဲတိုင်းထွာချက်အရ မြစ်တောင်းမြစ်ရေသည် တောင်ငူမြို့တွင် စိုးရိမ်ရေအမှတ်ထက် (၃)ပေ ခန့်ကျော်လွန်နေပြီး နောက်တစ်ရက်အတွင်း တစ်ပေထပ်တက်ကာ (၄)လက်မခန့်ကျဆင်းနိုင်သော်လည်း စိုးရိမ်ရေအမှတ်အထက် ဆက်ရှိနေနိုင်သည်ဟု ဆိုသည်။

မဒေါက်မြို့တွင်လည်း စိုးရိမ်ရေအမှတ်ထက် (၄)ပေခွဲခန့် ကျော်လွန်ရောက်ရှိနေပြီး နောက်တစ်ရက်အတွင်း (၃)လက်မခန့်ကျဆင်းနိုင်သော်လည်း စိုးရိမ်ရေအမှတ်အထက်တွင် ဆက်ရှိနေနိုင်သည်ဟု မိုးလေဝသနှင့် ဇလဗေဒ ညွန်ကြားမှုဦးစီးဌာနက ထုတ်ပြန်ထားသည်။

#TachileikNewsAgency