ရန်ကုန် လူထုလှုပ်ရှားမှုများတွင် ဦးဆောင်ပါဝင်နေသူ ၄ ဦး စစ်ကောင်စီ၏ မတရားဖမ်းဆီးခြင်းခံရပြီး အသက်အန္တရာယ်နှင့် ကျန်းမာရေးအခြေအနေ စိုးရိမ်ရ

ရန်ကုန် လူထုလှုပ်ရှားမှုများတွင် ဦးဆောင်ပါဝင်နေသူ ၄ ဦး စစ်ကောင်စီ၏ မတရားဖမ်းဆီးခြင်းခံရပြီး အသက်အန္တရာယ်နှင့် ကျန်းမာရေးအခြေအနေ စိုးရိမ်ရ

ရန်ကုန်မြို့ စစ်အာဏာရှင်ဆန့်ကျင်ရေး လူထုလှုပ်ရှားမှုများတွင် ဦးဆောင်ပါဝင်နေသူ (၄)ဦး စစ်ကောင်စီ၏ မတရားဖမ်းဆီးခြင်းခံရပြီး အသက်အန္တရာယ်နှင့် ကျန်းမာရေးအခြေအနေ စိုးရိမ်ရကြောင်း တကသကျောင်းသားဟောင်းများ အင်အားစုထံက သိရသည်။

ရန်ကုန်မြို့တွင် စစ်အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားမှုများ ဆက်တိုက်ပြုလုပ်ဆောင်ရွက်ခဲ့ပြီးနောက် စစ်ကောင်စီ၏ တန်ပြန်စစ်ဆေးဖမ်းဆီးမှုများအတွင်း တကသကျောင်းသားဟောင်းများ အင်အားစုနှင့် မဟာမိတ်အဖွဲ့အစည်းများမှ အဖွဲ့ဝင် (၄) ဦး ၂၀၂၄ခုနှစ် စက်တင်ဘာလ (၁၉)ရက်နေ့မှစ၍ မိသားစုနှင့် အဆက်အသွယ်ပြတ်တောက်သွားခဲ့ကြောင်း သိရသည်။

ဖမ်းဆီးခံထားရသူများမှာ တကသကျောင်းသားဟောင်းများအင်အားစု၏ တွဲဖက်တည်ထောင်သူ၊ အလွတ်တမ်း ဓါတ်ပုံသတင်းထောက် ကိုဇော်လင်းထွဋ် (ခ)ဖိုးသား၊  လူငယ်သပိတ်ကော်မတီ (YSC)၏ ဦးဆောင်သူ ကိုအောင်မင်းခိုင်(ခ)မဲကြီး၊ လူငယ်သပိတ်ကော်မတီ (YSC) ၏ အဖွဲ့ဝင် မမြမဉ္စူ နှင့် နိုင်ငံရေးအကျဉ်းသူဟောင်း မနှင်းအိခိုင် တို့ဖြစ်ကြောင်း သိရသည်။

၎င်းတို့သည် ရန်ကုန်မြို့ စစ်အာဏာရှင်ဆန့်ကျင်ရေး  လူထုလှုပ်ရှားမှုများတွင် ဦးဆောင် ပါဝင်နေသူများဖြစ်ကြပြီး မတရားဖမ်းဆီးခံရပြီးနောက် စစ်တပ်၏ လူမဆန်သည့် ညှင်းပန်းနှိပ်စက်မှုများဖြင့် စစ်ကြောမေးမြန်းခံနေရကာ ၎င်းတို့၏ အသက်အန္တရာယ်နှင့် ကျန်းမာရေး အခြေအနေသည် အထူးစိုးရိမ်ရသည့် အခြေအနေဖြစ်ကြောင်း သိရသည်။

တကသ ကျောင်းသားဟောင်းများ အင်အားစု အနေဖြင့် အဖွဲ့ဝင်များ ဖမ်းဆီးခံရသော်လည်း နောက်ဆုတ်ကြောက်ရွံ့သွားမည် မဟုတ်ဘဲ ၎င်းတို့ ကိုယ်စားအတွက်ပါ ပိုမို မြင့်မားထက်သန်သော ဇွဲလုံ့လတို့ဖြင့် စစ်အာဏာရှင်စနစ် အလုံးစုံ ပျက်သုန်းရေးနှင့် ဖက်ဒရယ်ဒီမိုကရက်တစ် လူ့ဘောင်ဖော်ဆောင်ရေးတို့အတွက် ဆက်လက်ကြိုးပမ်းသွားမည်ဖြစ်ကြောင်း အသိပေးထားသည်။

#TachileikNewsAgency