မိုးကုတ်မြို့အရှေ့ပိုင်းတွင် တိုက်ပွဲဖြစ်ပြီး စစ်ကောင်စီ၏ လက်နက်ခဲယမ်းများ TNLA သိမ်းဆည်းရရှိ

မိုးကုတ်မြို့အရှေ့ပိုင်းတွင် တိုက်ပွဲဖြစ်ပြီး စစ်ကောင်စီ၏ လက်နက်ခဲယမ်းများ TNLA သိမ်းဆည်းရရှိ

မန္တလေးတိုင်း မိုးကုတ်မြို့အရှေ့ပိုင်း ကြက်ခြံနှင့် အမှိုက်ပုံးနေရာအနီးတဝိုက်သို့ ယနေ့ ၂၀၂၄ ခုနှစ် ဇူလိုင်လ (၁၇)ရက်နေ့ နံနက်ပိုင်းက ထိုးစစ်ဆင်လာသော စစ်ကောင်စီတပ်နှင့် TNLAတို့ တိုက်ပွဲဖြစ်ပွားပြီး စစ်ကောင်စီတပ်ထံမှ လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိသည်ဟု TNLA ထံမှ သိရသည်။

မိုးကုတ်မြို့နယ် အရှေ့ပိုင်းရှိ စစ်ကောင်စီတပ် လကခ/ခလရ (၇၁၊ ၈၈) တပ်ဖွဲ့ဝင်များက ထိုးစစ်ဆင်တိုက်ခိုက်လာသောကြောင့် ပန်းမထိပ်ရွာအနီးတဝိုက်တွင် တိုက်ပွဲဖြစ်ပွားခဲ့သည်ဟု သိရသည်။

ထို့အပြင် ယနေ့ နံနက်ပိုင်းတွင်ပင် ကမ္ဘာလုံးစေတီအနီးတဝိုက်တွင်လည်း စစ်ကောင်စီတပ်နှင့် TNLA ပူးပေါင်း မိုးကုတ်ဗျူဟာတပ်တို့ တိုက်ပွဲဖြစ်ပွားခဲ့သည်ဟု ဆိုသည်။

ကျောက်မဲမြို့နယ် နောင်ပိန်လေးရွာနှင့် နတ်ရေကန်အနီးတဝိုက်တွင်လည်း ယနေ့ နံနက်ပိုင်းက စစ်ကူအင်အားဖြည့်တင်းလာသော စစ်ကောင်စီတပ်နှင့် TNLA တို့ တိုက်ပွဲဖြစ်ပွားခဲ့သည်ဟု သိရသည်။

တိုက်ပွဲဖြစ်ပွားသောနေရာသို့ စစ်ကောင်စီတပ်မှ Jet Fighter ဖြင့် (၇)ကြိမ်၊ Y12 ဖြင့် ဗုံး (၃၇)လုံး လာရောက် ကြဲချသည်ဟု သိရသည်။ 

နောင်ချိုမြို့တွင်းနှင့် သဲခေါ်ရွာသို့ စစ်ကောင်စီတပ်မှ ဒရုန်း (၃)စီးဖြင့် ဗုံး (၁၈)လုံးနှင့် လက်နက်ကြီးဖြင့် (၄)လုံး ကြဲချသည်ဟုလည်း သိရသည်။

#TachileikNewsAgency

Photo:PSLF/TNLA News