မန္တလေးတိုင်း သာစည်မြို့နယ် မြင်းဒိုက်ကျေးရွာအုပ်စုမှ ကျေးရွာများ အကူအညီလိုနေ

မန္တလေးတိုင်း သာစည်မြို့နယ် မြင်းဒိုက်ကျေးရွာအုပ်စုမှ ကျေးရွာများ အကူအညီလိုနေ
စက်တင်ဘာ 20, 2024 | အခြားဒေသများ

မန္တလေးတိုင်း သာစည်မြို့နယ်အတွင်းရှိ တောင်ကျရေကြောင့် မြေပြိုကျပြီး ပျက်စီးသွားသည့် ကျေးရွာများတွင် ပိတ်မိနေသူများရှိနေသည့်အပြင် ရွာလုံးကျွတ် ပြောင်းရွှေ့ရမည့်အခြေအနေကို ရောက်နေသည့် ကျေးရွာများလည်းရှိနေကြောင်း ဒေသခံများထံမှ သိရသည်။

သာစည်မြို့နယ်အတွင်း ပါဝင်သော်လည်း ကလောမြို့ဘက်မှသာသွားနိုင်သည့် မြင်းဒိုက်ကျေးရွာအုပ်စုရှိ ရေအေးချောင်းရွာ၊ အင်းခေါင်းရွာနှင့် တောင်ဗွာရွာတို့မှာ ယနေ့ ၂၀၂၄ခုနှစ် စက်တင်ဘာလ(၂၀)ရက်နေ့အထိ တောင်ကျရေကြောင့် မြေပြိုမှုများ ဆက်လက်ဖြစ်နေ၍ ဒေသခံများ ပိတ်မိနေကြောင်း သိရသည်။

“တောင်တွေပြိုကျလို့ တောင်ထိပ်မှာရှိနေတဲ့ အင်းခေါင်းရွာက ရွှေ့ပြောင်းရမဲ့အခြေအနေကြုံနေရပါတယ်။ ဓနုလူမျိုးနဲ့ တောင်ရိုးတိုင်းရင်းသားတွေနေတဲ့ အဲဒီကျေးရွာတွေက မန္တလေးတိုင်း သာစည်မြို့နယ်ထဲမှာ ပါဝင်နေပေမဲ့ ကလောမြို့ကတဆင့်သာ သွားလို့ရတာပါ။ ဒါကြောင့် ကလောမြို့က ကယ်ဆယ်ရေးအဖွဲ့အစည်းတွေနဲ့ ကလောမြို့ရောက်နေတဲ့ အကူအညီပေးရေးအဖွဲ့အစည်းတွေ သွားကူညီနိုင်ဖို့ တိုက်တွန်းပါတယ်။”ဟု ဒေသခံတစ်ဦးက Tachileik News Agency ကို ပြောသည်။

ပြီးခဲ့သည့် ရက်ပိုင်းကဖြစ်ပွားခဲ့သည့် ရေကြီးရေလျှံမှုကြောင့် ကလောတောင်ဘက် မြင်းဒိုက်ဆင်တောင် အောက်တွင်ရှိသည့် သာစည်မြို့နယ် ခွေးရုပ်ကျေးရွာတွင် တောင်ကျချောင်းရေစီးကာ မြေပြိုကျခြင်းကြောင့် နေအိမ်(၇)လုံး မျောပါသွားပြီး လမ်းပန်းဆက်သွယ် ရေးပြတ်တောက်နေသည်ဟု သိရသည်။

#TachileikNewsAgency

Photo: မြေပြိုခြင်းကြောင့် ပျက်စီးခဲ့ရသည့် ခွေးရုပ်ကျေးရွာ