ရေကြီးရေလျှံမှု ဖြစ်ပွားပြီးနောက် အစားအသောက်ဘေးကင်းနိုင်ရေး အများပြည်သူသိရှိနိုင်ရန် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနက ယနေ့ ၂၀၂၄ခုနှစ် စက်တင်ဘာလ (၂၀)ရက်နေ့တွင် ထုတ်ပြန်အသိပေးသည်။
ရေကြီးရေလျှံခြင်းကြောင့် သိုလှောင်ထားသော အစားအသောက်များသည် အက်ကွဲ၊ ပျက်စီးနိုင်ခြင်း၊ မိလ္လာ၊ အညစ်အကြေးများနှင့် ရောစပ်နိုင်ခြင်း၊ ဆီများနှင့် အခြားဓာတုပစ္စည်းများ ရောစပ်ပါဝင်နိုင်ခြင်းကြောင့် စီစစ်၍ စားသုံးရန် ထုတ်ပြန်ခြင်းဖြစ်ကြောင်း သိရသည်။
ဆက်လက်စားသုံးနိုင်သည့် အစားအသောက်များမှာ ရေကြီးရေလျှံမှုနှင့် မထိစပ်သည့် အစားအသောက်များ၊ သန့်ရှင်းပြီး အညစ်အကြေးကင်းစင်သော ရေစိုခံသည့်ထုပ်ပိုးပစ္စည်းများနှင့် ထုပ်ပိုးထားသည့် အစားအသောက်များ၊ စနစ်တကျသန့်စင်ပြီးနောက် မပျက်စီးသည့် စီသွပ်ဗူးများပါဝင်သည်။
စားသုံးရန်မသင့်သည့် အစားအသောက်များမှာ ရေကြီးရေလျှံမှုနှင့် ထိစပ်ထားသော ချက်ပြုတ်ပြီးသည့် အစားအစာများနှင့် မချက်ရသေးသည့် အစားအသောက်၊ ကုန်ကြမ်းများ၊ အရောင်၊ အနံ့မကောင်းမွန်သော သောက်သုံးရေများနှင့် အဖုံးမလုံသည့် သောက်ရေသန့်ဗူးများ၊ အနံ့အသက်၊ အနေအထား၊ အရောင်မကောင်းမွန်သော အစားအသောက်များ၊ စက္ကူပုံးများ၊ ရေစိုမခံသည့် ထုပ်ပိုးပစ္စည်းများနှင့် ထုပ်ပိုးထားသော အစားအသောက်များ၊ ရေကြီးရေလျှံမှုနှင့် ထိစပ်ထားသော ပေါက်ပြဲ၊ ဖောင်းပွ၊ သံချေးတက်၊ ပျက်စီးနေသည့် အစားအသောက်များ၊ ဖောင်းနေသော၊ သံချေးတက်နေသော၊ ယိုစိမ့်ထွက်နေသော စည်သွပ်ဗူးများ၊ ဘေးမကင်းဟု သံသယရှိနေသည့် အစားအသောက်များပါဝင်သည်။
ထို့အပြင် ရေကိုကျိုချက်သောက်သုံးရန်၊ သောက်ရေသန့်ဗူးကိုသောက်မည်ဆိုပါက အဖုံးလုံးဝမဖွင့်ရသေးသော၊ မယိုစိမ့်သော သောက်ရေသန့်ဗူးကို သောက်သုံးရန်၊ အစာမစားမီ လက်ကို ဆပ်ပြာနှင့်ဆေးရန်၊ ရေသန့်ဆေးပြား သုံးစွဲရန်တို့လည်း အသိပေးထားသည်။
#TachileikNewsAgency
Photo: Food and Drug Administration, Myanmar