ကမ္ဘာကြီးသည် ကိုဗစ်-၁၉ ကဲ့သို့ နောက်ထပ် ကပ်ရောဂါများအတွက် အဆင်သင့်ဖြစ်မနေသေးဘဲ နိုင်ငံတကာအနေဖြင့် ကပ်ရောဂါ တုံ့ပြန်ကာကွယ်ရေးတွင် ထိရောက်သည့် ရင်းနှီးမြုပ်နှံမှုများ ပြုလုပ်ကြရန် ကုလသမဂ္ဂမှ အထွေထွေအတွင်းရေးမှူးချုပ် အန်တိုနီရို ဂူတာရက်စ်က တိုက်တွန်းပြောဆိုသည်။
၂၀၂၄ ခုနှစ် ဒီဇင်ဘာလ (၂၇)ရက်နေ့တွင် ကျရောက်သည့် အပြည်ပြည်ဆိုင်ရာ ကပ်ရောဂါ ကြိုတင်ပြင်ဆင်ရေးနေ့တွင် ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်မှ ပြောဆိုခဲ့ခြင်းဖြစ်သည်။
ကိုဗစ်-၁၉ ကပ်ရောဂါသည် ကမ္ဘာကြီးအတွက် သတိပေးချက်တစ်ခုဖြစ်ခဲ့ပြီး လူသန်းပေါင်းများစွာ၏ အသက်များ သေကြေ ပျက်စီးခဲ့ရခြင်း ၊ စီးပွားရေးစနစ် ယိုင်နဲ့ပျက်စီးသွားခြင်း ၊ ကျန်းမာရေး စနစ်တခုလုံး ပြိုလဲကျလုမတတ်အထိ တွန်းပို့ခံခဲ့ရခြင်းနှင့် လူသားတိုင်း၏ နေ့စဉ်ဘဝအပေါ်တွင် ကြီးမားသည့် ဆိုးကျိုးသက်ရောက်မှုများ ဖြစ်ပေါ်စေခဲ့ကြောင်း ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်က ဆိုသည်။
“အရေးပေါ်ကာလကို ကျော်ဖြတ်သွားနိုင်ပြီဖြစ်သော်လည်း သင်ယူကျန်ရှိခဲ့တဲ့ သင်ခန်းစာကတော့ ကမ္ဘာကြီးသည် နောက်ထပ်ကပ်ရောဂါအတွက် အဆင်သင့်ဖြစ်မနေသေးပါ။ မျောက်ကျောက်ရောဂါ ၊ ကာလဝမ်းရောဂါ ၊ ပိုလီယိုအကြောသေရောဂါနှင့် မာဘတ် (Marburg) ရောဂါကဲ့သို့သော ကူးစက်ရောဂါများ ဖြစ်ပေါ် ပြန့်ပွားနေခြင်းသည် နိုင်ငံတိုင်းအတွက် အချိန်မရွေး အမှန်တကယ် ဖြစ်လာနိုင်သော အန္တရာယ်များရှိနေဆဲဖြစ်ကြောင်း သတိပေးချက်များပဲ ဖြစ်ပါတယ်။”ဟု ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် အန်တိုနီရို ဂူတာရက်စ်က ပြောသည်။
အပြည်ပြည်ဆိုင်ရာ ကပ်ရောဂါ ကြိုတင်ပြင်ဆင်ရေးနေ့တွင် ယခင် ကျန်းမာရေး အရေးပေါ်အခြေအနေများမှ သင်ခန်းစာများကို ယူပြီး နောင်ဖြစ်လာမည့် ကပ်ရောဂါများအတွက် နိုင်ငံများအနေဖြင့် ကြိုတင်ပြင်ဆင်ကြရန် လိုအပ်ကြောင်းကိုလည်း ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်က တိုက်တွန်းပြောဆိုသည်။
နိုင်ငံများအနေဖြင့် လူထုအခြေခံ ကျန်းမာရေး စောင့်ရှောက်မှုစနစ်များကို ပိုမိုခိုင်မာစေရန် ၊ လူတိုင်းလက်လှမ်းမှီသည့် ကျန်းမာရေးစောင့်ရှောက်မှုနှင့် ပက်သက်သည့် ကတိကဝတ်များကို အကောင်အထည်ဖော် ဆောင်ရွက်ကြရန် လိုအပ်သည်ဟု ဆိုသည်။
ကပ်ရောဂါများ ဖြစ်ပေါ်လာနိုင်မှုကို စောင့်ကြည့်ရေး ၊ ရောဂါရှာဖွေရေးနှင့် တုံပြန်ရေးစနစ်များကို ထိရောက်စွာ ရင်းနှီးမြုပ်နှံမှုများ ပြုလုပ်ကြရန်နှင့် ကပ်ရောဂါ ကာကွယ်တုံ့ပြန်ရာတွင် မရှိမဖြစ် အသက်ကယ် ပစ္စည်းများဖြစ်သည့် ကာကွယ်ဆေးများ ၊ ဆေးဝါးကုထုံးများနှင့် ရောဂါရှာဖွေရေးများကို လူတိုင်းလက်လှမ်းမီ ရရှိနိုင်ရန် လုပ်ဆောင်ရမည်ဟု ဆိုသည်။
အရေးကြီးဆုံးအနေဖြင့် ကမ္ဘာလုံးဆိုင်ရာ စည်းလုံးညီညွတ်မှုရှိကြရန် လိုအပ်ပြီး ၊ နောင်လာမည့် ကပ်ရောဂါများကို ကာကွယ်ထိန်းချုပ်နိုင်ရန်အတွက် တကမ္ဘာလုံး ပိုမိုကောင်းမွန်စွာ အလုပ်လုပ်နိုင်မည့် သမိုင်းဝင် “ကပ်ရောဂါဆိုင်ရာ သဘောတူညီချက်” (Pandemic Agreement)ကို ပါဝင်အကောင်အထည်ဖော်ကြရန် နိုင်ငံအသီးသီးအား တိုက်တွန်းလိုကြောင်း အန်တိုနီရို ဂူတာရက်စ်က တိုက်တွန်းပြောဆိုခဲ့သည်။
ကမ္ဘာလုံးဆိုင်ရာ ကူးစက်ကပ်ရောဂါ တခုဖြစ်သည့် ကိုဗစ်-၁၉ ရောဂါကို ၂၀၁၉ ခုနှစ် နိုဝင်ဘာလ (၁၇)ရက်နေ့တွင် တရုတ်နိုင်ငံ ၊ ဝူဟန်မြို့တွင် စတင်ဖြစ်ပွားသည်ကို အစောဆုံးသိရှိခဲ့ပြီး စတင်ဖြစ်ပွားချိန်မှစ၍ ၂၀၂၄ ခုနှစ် ဧပြီလအထိ လေးနှစ်ကျော်ကာလအတွင်း ကမ္ဘာအနှံ့တွင် လူ (၇,၀၁၀,၆၈၁)ဦး သေဆုံးခဲ့ရသည်။
#TachileikNewsAgency
#TNA_LE
Photo: Internet (ပုံဟောင်း)