ဘိန်းစာပင်များကို ကျန်းမာရေးနှင့် စီးပွားရေးအကျိုးအတွက် အသုံးပြုရန် ထိုင်း FDA က တရားဝင်ခွင့်ပြု

ဘိန်းစာပင်များကို ကျန်းမာရေးနှင့် စီးပွားရေးအကျိုးအတွက် အသုံးပြုရန် ထိုင်း FDA က တရားဝင်ခွင့်ပြု
ဇန်နဝါရီ 28, 2025 | နိုင်ငံတကာသတင်း
By Mr John

ထိုင်းနိုင်ငံ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဌာန (FDA) က ဘိန်းစာပင် (kratom) ထုတ်ကုန်များကို ကျန်းမာရေးနှင့် စီးပွားရေးအကျိုးများအတွက် အသုံးပြုရန် တရားဝင် ခွင့်ပြုလိုက်ကြောင်း သိရသည်။ 

ထိုင်း FDA ၏ ခွင့်ပြုချက်အရ ယခုအခါ ဘိန်းစာပင်အရွက်တွင် ပါဝင်သော mitragynine ကို ထုတ်ကုန်များပေါ်၌ သင့်လျော်သော သတိပေးချက်များနှင့်အတူ တစ်နေ့လျှင် (၃) မီလီဂရမ် ပမာဏအထိ အသုံးပြုခွင့်ပေးထားသည်။

FDA နှင့် ကျွမ်းကျင်သူများ ပါဝင်သော ဆပ်ကော်မတီတို့ ပူးပေါင်းဆောင်ရွက်မှုအရ ဆေးဘက်ဝင် ကျန်းမာရေးထုတ်ကုန်များတွင် ဘိန်းစာပင်မှ ထုတ်ယူရရှိသော mitragynine ကို ပမာဏ တိုးမြှင့်အသုံးပြုရန် ခွင့်ပြုလိုက်ကြောင်း FDA လက်ထောက် အထွေထွေအတွင်းရေးမှူး ဒေါက်တာ Witit Srisa-atchahcakul က ၂၀၂၅ခုနှစ် ဇန်နဝါရီလ(၂၃)ရက်နေ့က ကြေညာခဲ့သည်။

ယခင်ကမူ ဆေးဘက်ဝင် ကျန်းမာရေးထုတ်ကုန်များတွင် mitragynine ပမာဏကို တစ်နေ့လျှင် (၁) မီလီဂရမ် အသုံးပြုရန် ကန့်သတ်ထားခဲ့သည်။ 

Mahidol တက္ကသိုလ်က ပြုလုပ်ခဲ့သော သုတေသနအပေါ် အခြေခံပြီး mitragynine ပမာဏ ကန့်သတ်ချက်ကို တစ်နေ့လျှင် (၃) မီလီဂရမ်အဖြစ် တိုးမြှင့်လိုက်ခြင်းလည်း ဖြစ်သည်။

ဘိန်းစာပင် ပါဝင်သော ထုတ်ကုန်များတွင် စားသုံးသူ ဘေးအန္တရာယ်ကင်းမှုနှင့် ထုတ်ကုန်အရည်အသွေးကို သေချာစေရန် သတိပေးချက်များနှင့် ကြိုတင်ကာကွယ်မှုများကို ဖော်ပြထားရမည်ဟု FDA စည်းမျဥ်းက သတ်မှတ်ထားသည်။ 

ယခု စည်းမျဥ်းအပြောင်းအလဲမှာ ဘိန်းစာပင်၏ ဘေးအန္တရာယ်ကင်းသော စီးပွားဖြစ် အသုံးပြုမှုနှင့် တရားဝင်မှုကို ရှေးရှုသော သိသာထင်ရှားသည့် ခြေလှမ်းတစ်ခုဖြစ်ကြောင်း ဒေါက်တာ Witit က ဆိုသည်။

ဘိန်းစာပင်မှာ အရှေ့တောင်အာရှမျိုးရင်း အပင်တစ်မျိုးဖြစ်ပြီး ထိုင်း၊ အင်ဒိုနီးရှား၊ မလေးရှား၊ မြန်မာနှင့် ပါပူအာနယူးဂီနီ နိုင်ငံတို့တွင် ပေါက်ရောက်သည်။ 

ထိုနိုင်ငံများတွင် ဒေသခံများက ဘိန်းစာပင်ကို တိုင်းရင်းဆေးများတွင် (၁၉) ရာစုကတည်းက ထည့်သွင်း အသုံးပြုလာခဲ့သည်ဟု ဆိုသည်။ 

ဘိန်းစာပင်၏ အစိမ်းရင့်ရောင်ရှိသော အရွက်တွင် ပါဝင်သော mitragynine ကို ဆေးဘက်ဝင် ကျန်းမာရေးထုတ်ကုန်များတွင် အသုံးပြုကြသည်။

ဘိန်းစာပင်မှာ ဘိန်းကဲ့သို့ မိန်းမောစေနိုင်သလို စိတ်ဓာတ်တက်ကြွ လန်းဆန်းစေနိုင်သော အစွမ်းသတ္တိ ပါဝင်သည်။ 

ဘိန်းစာပင်တွင် နာကျင်ကိုက်ခဲမှု သက်သာစေသော ဓာတ်ပါဝင်ပြီး ရောင်းရမ်းမှုကို လျော့ကျစေကြောင်း သိရသည်။ 

ဘိန်းစာပင်တွင် ပါဝင်သော ဓာတ်က မူးယစ်ဆေးကဲ့သို့ စွဲလမ်းစေသောကြောင့်  ဆေးဘက်ဝင်အပင် ဖြစ်သော်လည်း အလွဲသုံးစားပြုပါက ဘေးထွက်ဆိုးကျိုးများ ကြုံရမည် ဖြစ်သည်။

 

Source: The Thaiger

Mr John သည် Tachileik News Agency ၏ နိုင်ငံတကာသတင်း ကဏ္ဍအတွက် ဘာသာပြန် သတင်းတင်ဆက်နေသူ ဖြစ်သည်...