ကုလသမဂ္ဂသံတမန်များအား မြန်မာပြည်၏ လူအခွင့်အရေးဆိုင်ရာအခြေအနေများနှင့် ရေဘေးဆိုင်ရာ အခြေအနေများကို NUG လူ့အခွင့်အရေးဆိုင်ရာ ပြည်ထောင်စုဝန်ကြီး ရှင်းလင်းပြောဆို

ကုလသမဂ္ဂသံတမန်များအား မြန်မာပြည်၏ လူအခွင့်အရေးဆိုင်ရာအခြေအနေများနှင့် ရေဘေးဆိုင်ရာ အခြေအနေများကို NUG လူ့အခွင့်အရေးဆိုင်ရာ ပြည်ထောင်စုဝန်ကြီး ရှင်းလင်းပြောဆို

မြန်မာပြည်၏ လူအခွင့်အရေးဆိုင်ရာအခြေအနေများနှင့် ရေဘေးဆိုင်ရာ အခြေအနေများကို လူ့အခွင့်အရေးဆိုင်ရာ ပြည်ထောင်စုဝန်ကြီး ဦးအောင်မျိုးမင်းမှ ကုလသမဂ္ဂသံတမန်များအား ရှင်းလင်းပြောဆိုကြောင်း သိရသည်။ 

၂၀၂၄ခုနှစ် စက်တင်ဘာလ (၁၉)ရက်နေ့ နံနက် (၁၀) နာရီတွင် ကုလသမဂ္ဂ အဆောက်အဦး၌ ကျင်းပပြုလုပ်ခဲ့သည့် သံတမန်ရေးရာ ရှင်းလင်းပွဲတွင် ကုလသံတမန်များအား လူ့အခွင့်အရေးဆိုင်ရာ ပြည်ထောင်စုဝန်ကြီး ဦးအောင်မျိုးမင်းက မြန်မာနိုင်ငံ၏ အခြေအနေများကို ရှင်းလင်းပြောဆိုခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

လက်ရှိမြန်မာနိုင်ငံ၏အခြေအနေများနှင့် စပ်လျဉ်း၍  နိုင်ငံတကာနှင့် ပူးပေါင်းဆောင်ရွက်ရန် အထူးလိုအပ်ပြီး NUG အနေဖြင့် တိုင်းရင်းသား အဖွဲ့အစည်းများနှင့် လက်တွဲ၍ ရေဘေးသင့်ပြည်သူများအား ကူညီကယ်ဆယ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး လုပ်ငန်းများကို အစွမ်းကုန် ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း ပြည်ထောင်စုဝန်ကြီးက ပြောဆိုခဲ့ကြောင်း သိရသည်။

နယ်စပ်ဖြတ်ကျော် အစီအစဉ်မှတဆင့် လူသားချင်း စာနာထောက်ထားမှုအကူအညီများ ပေးအပ်စေလိုပြီး အတိတ်ကာလများတွင် သဘာဝဘေးအန္တရာယ်ကြုံတွေ့ခဲ့တိုင်း နိုင်ငံတကာ၏ လူသားချင်းစာနာမှု အကူအညီများကို စစ်တပ်က အမြတ်ထုတ်အလွဲသုံးစား ပြုလုပ်လေ့ ရှိသဖြင့် ၎င်းတို့နှင့်ပူးပေါင်းဆောင်ရွက်မှုများကို ရှောင်ရှားရန် တင်ပြတောင်းဆိုခဲ့ကြောင်း သိရသည်။

ဆက်လက်၍ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးရုံး၏ အစီရင်ခံစာကို ထောက်ခံပြီး အဆိုပါ အစီရင်ခံစာတွင် အမျိုးသားညီညွတ်ရေးအစိုးရ အနေဖြင့် ဆောင်ရွက်သင့်သည့် အကြံပြုချက်များအတိုင်း တာဝန်ယူမှု၊ တာဝန်ခံမှုများကို လုပ်ဆောင်သွားမည့်အကြောင်း ပြည်ထောင်စုဝန်ကြီးက ကတိပြု ပြောဆိုခဲ့ကြောင်း သိရသည်။

အဆိုပါ အခမ်းအနားအား Luxembourg သံရုံးက ကြီးမှူးကျင်းပခဲ့ခြင်းဖြစ်ပြီး ကုလသမဂ္ဂသံတမန်များနှင့် ကုလသမဂ္ဂရုံးများနှင့် ကုလသမဂ္ဂအေဂျင်စီများမှ တာဝန်ရှိ ပုဂ္ဂိုလ်များ တက်ရောက်ခဲ့ကြကာ မြန်မာနိုင်ငံနှင့် ပတ်သက်သည့် မေးခွန်းများကို အပြန်အလှန် မေးမြန်းဆွေးနွေးခဲ့ကြကြောင်း သိရသည်။

#TachileikNewsAgency

Photo: Ministry of Foreign Affairs - Myanmar - NUG