တောင်ငူ အုတ်တွင်းမြို့နယ်မှ ရာနှင့်ချီသည့် ရေဘေးသင့်များအစာအဆိပ်သင့်

တောင်ငူ အုတ်တွင်းမြို့နယ်မှ ရာနှင့်ချီသည့် ရေဘေးသင့်များအစာအဆိပ်သင့်
စက်တင်ဘာ 19, 2024 | အခြားဒေသများ

ပဲခူးတိုင်း တောင်ငူခရိုင် အုတ်တွင်းမြို့နယ်ရှိ ဝက်ဖြူကုန်းကျေးရွာမှ ရာနှင့်ချီသော ရေဘေးသင့်များ ၂၀၂၄ ခုနှစ် စက်တင်ဘာလ (၁၈)ရက်နေ့ ညပိုင်းတွင် အစာအဆိပ်သင့်မှု ဖြစ်ပွားကြောင်း သိရသည်။

ယမန်နေ့ည (၁၀)နာရီခွဲဝန်းကျင်တွင် မူးဝေခြင်း၊ အော့အန်ခြင်းများဖြစ်ကာ အစာအဆိပ်သင့်မှုဖြစ်ပွား၍ ညတွင်းချင်း တောင်ငူဆေးရုံသို့ အရေးပေါ်ပို့ဆောင်ပေးရကြောင်း သိရသည်။

“သူတို့ ညနေစားလိုက်တာမှာ ကြာဇံကြော်ရယ်၊ ကြက်ဥမကျည်းမှည့်ချက်ရယ် အဲဒါကို ထမင်းနဲ့စားလိုက်တာကနေ စဖြစ်တာပေါ့။ ဖြစ်တော့ အယောက်(၄၀)လောက်စဖြစ်တယ်။ ကလေးငယ်လေးတွေ ဖြစ်တယ်။ သက်ကြီးရွယ်အိုတွေဖြစ်တယ်။ အခြေအနေမဟန်တဲ့အခါ ကျွန်တော်တို့ လူမှုကယ်ဆယ်ရေးအဖွဲ့တွေနဲ့ လူ(၄၀၀)လောက်ကို ဆေးရုံကြီးခေါ်ထုတ်သွားပြီး ပြုစုစောင့်ရှောက်ပေးရတယ်”ဟု လူမှုကူညီကယ်ဆယ်ရေးအဖွဲ့တစ်ခုမှ တာဝန်ရှိသူတစ်ဦးက Tachileik News Agency ကိုပြောသည်။

ဝက်ဖြူကုန်းရွာရှိ ရေးဘေးရှောင်စခန်းတွင် ရေဘေးသင့် (၄၆၁)ဦးရှိပြီး ယင်းနေ့က ရေဘေးသင့်များအတွက် ပေးသည့် ထမင်းထုပ်များကို ရွာအတွင်းနေအိမ်များ၌ နေသူတချို့လည်း စားသုံးကြသည်ဟု သိရသည်။

“အခုက အားလုံးသက်သာပါတယ်။ အသက်အန္တရာယ်ထိခိုက်နိုင်တဲ့အနေအထားမျိုး၊ ဆိုးတာမျိုးမရှိတော့ဘူး။ ညကတည်းက အခြေအနေမဆိုးတော့တဲ့ လူနာတွေကိုတော့ ကုသပေးပြီး ပြန်လွှတ်လိုက်ပြီ။ တချို့သော အခြေအနေ နည်းနည်းဆိုးတဲ့သူတွေလောက်ပဲ ကျန်တယ်ပေါ့နော်။ လူ(၅၀)လောက်ပါတာပေါ့နော်။”ဟု ၎င်းက ဆက်ပြောသည်။

ရာနှင့်ချီသည့် အစာအဆိပ်သင့်လူနာများအား ဆေးရုံပို့ရန် ပရဟိတအသင်းကားများအားလုံးအပြင် ရေဘေးလာလှူသည့် အလှူရှင်ကားများပါမကျန် သယ်ယူပို့ဆောင်ပေးခဲ့ကြရကြောင်း ရွှေမေတ္တာ လူမှူကူညီရေးအသင်းထံမှ သိရသည်။

အလားတူ နေပြည်တော် တပ်ကုန်းမြို့နယ်ရှိ ချောင်းခြားကျေးရွာတွင်လည်း စက်တင်ဘာလ (၁၇)ရက်နေ့က ရေဘေးကယ်ဆယ်ရေးလုပ်သူများနှင့် ရေဘေးသင့်သူ (၁၀၀)ဝန်းကျင်မှာ ရေဘေးလှူသည့် အစားအသောက်များကို စားပြီး အစာအဆိပ်သင့်မှု ဖြစ်ပွားခဲ့သည်။

ယာဂီတိုင်ဖွန်းအရှိန်ကြောင့်  နေပြည်တော်၊ ပဲခူး၊ ကယား (ကရင်နီ)၊ ကရင်၊ မကွေး၊ မန္တလေး၊ မွန်၊ ရှမ်းပြည်နယ်အရှေ့ပိုင်းနှင့် တောင်ပိုင်းတို့ရှိ မြို့နယ်ပေါင်း (၅၉)ခုတွင် ရေဘေးသင့်နေပြီး အရေးပေါ်ကူညီကယ်ဆယ်ရေးလုပ်ငန်းများကို ပြည်သူချင်းကူညီမှုဖြင့် ဆောင်ရွက်နေကြရခြင်းဖြစ်သည်။

#TachileikNewsAgency

Photo: CJ