အိပ်ကောင်းနေသည့် အချိန်ကြီး စစ်ကောင်စီတပ်က နောင်ချိုမြို့ပေါ် ဗုံးကြဲ

အိပ်ကောင်းနေသည့် အချိန်ကြီး စစ်ကောင်စီတပ်က နောင်ချိုမြို့ပေါ် ဗုံးကြဲ
စက်တင်ဘာ 19, 2024 | 2021 Military Coup| ရှမ်းမြောက်

 

ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့ပေါ်တွင် ပြည်သူများအိပ်ပျော်နေသည့် အချိန်ကြီး အာဏာသိမ်း စစ်ကောင်စီ၏ လေတပ်က ဗုံး(၄)လုံး ကြဲချသွားကြောင်း သိရသည်။

၂၀၂၄ခုနှစ် စက်တင်ဘာလ(၁၉)ရက်နေ့ နံနက်(၃)နာရီဝန်းကျင်အချိန်က အာဏာသိမ်း စစ်ကောင်စီ၏ လေတပ်က နောင်ချိုမြို့ပေါ် ဘူတာရပ်၊ အကွက်(၁) နယ်မြေ(၄)တွင် နှစ်ကြိမ်လာရောက်ကာ ဗုံး(၄)လုံး ကြဲချသွားခြင်း ဖြစ်ကြောင်း သိရသည်။

ဗုံးကြဲခံရမှုကြောင့် နေအိမ်တွင် လူမရှိ၍ ထိခိုက်မှုမရှိသော်လည်း နေအိမ်မှာ ပျက်စီးသွားကြောင်း သိရသည်။

"လူအထိ အခိုက်မရှိ။ ရှောင်ပြီး နေထားလို့ မဟုတ်ရင် မတွေးရဲစရာပဲ"ဟု ဒေသခံတစ်ဦးက လူမှုကွန်ရက်တွင် ရေးထားသည်။

အာဏာသိမ်းစစ်ကောင်စီတပ်သည် ရှမ်းပြည်နယ် အရှေ့ပိုင်း နှင့် တောင်ပိုင်းတို့တွင် ရေဘေးဖြစ်ပွားနေ၍ မြောက်ပိုင်းကို မကြာခဏ ညပိုင်းများတွင် လေကြောင်းဖြင့် အကြောင်းမဲ ဗုံးကြဲတိုက်ခိုက်မှုများ လုပ်ဆောင်နေသလို အချို့နေရာများတွင် လက်နက်ကိုင်တော်လှန်ရေးတပ်ဖွဲ့များနှင့်လည်း တိုက်ပွဲ ဖြစ်ပွားနေကြောင်း သိရသည်။

 

Photo: Yone Yone