နိုင်ငံပေါင်း (၃)နိုင်ငံကို ဖြတ်ကျော် ရွေ့လျားလာနိုင်မည့် မုန်တိုင်းအကြွင်းအကျန်ကြောင့် ရှမ်း(ရှေ့)အပါအဝင် တိုင်းနှင့်ပြည်နယ်များတွင် မိုးများနိုင်မည်

နိုင်ငံပေါင်း (၃)နိုင်ငံကို ဖြတ်ကျော် ရွေ့လျားလာနိုင်မည့် မုန်တိုင်းအကြွင်းအကျန်ကြောင့် ရှမ်း(ရှေ့)အပါအဝင် တိုင်းနှင့်ပြည်နယ်များတွင် မိုးများနိုင်မည်

ဗီယက်နမ်၊ လာအို နှင့် ထိုင်းနိုင်ငံများကို ဖြတ်ကျော် ရွေ့လျားလာနိုင်မည့်  မုန်တိုင်းအကြွင်းအကျန် တိမ်တိုက်များနဲ့ လေပွေလှိုင်းကြောင့် ရှမ်းပြည်နယ်အရှေ့ပိုင်းဒေသအတွင်း အပါအဝင် တိုင်းနှင့်ပြည်နယ်များတွင် မိုးများနိုင်မည်ဖြစ်ကြောင်း မိုးလေဝသပညာရှင် ဦးဝင်နိုင်က ယနေ့ ၂၀၂၄ခုနှစ် စက်တင်ဘာလ(၁၇)ရက်နေ့ ညနေ(၅)နာရီ (၄၄)မိနစ်အချိန်က အသိပေးထားသည်။

၂၀၂၄ခုနှစ် စက်တင်ဘာလ(၂၀)ရက်နေ့ကစပြီး စက်တင်ဘာလ(၂၅)ရက်နေ့အထိ ဗီယက်နမ်၊ လာအို၊ ထိုင်းနိုင်ငံများကို ဖြတ်ကျော် ရွေ့လျားလာနိုင်မည့်  မုန်တိုင်းအကြွင်းအကျန် တိမ်တိုက်များနဲ့ လေပွေလှိုင်းကြောင့် ရှမ်းပြည်နယ်အရှေ့ပိုင်းနှင့် တောင်ပိုင်း၊ မန္တလေးတိုင်း၊ စစ်ကိုင်းတိုင်းအောက်ပိုင်း၊ ကယားပြည်နယ်၊ မကွေးတိုင်း၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ ရခိုင်ကမ်းရိုးတန်းတလျှောက်၊ နေပြည်တော်၊ ဧရာဝတီတိုင်းနှင့် မြစ်ဝကျွန်းပေါ် ကမ်းရိုးတန်းတလျှောက်၊ ရန်ကုန်တိုင်း၊ ပဲခူးတိုင်း၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ တနင်္သာရီကမ်းရိုးတန်းတလျှောက် မိုးများနိုင်မည်ဖြစ်ကြောင်း အသိပေးထားခြင်း ဖြစ်သည်။

" (၂၄ )နာရီအတွင်း ရွာသွန်းနိုင်မည့် မိုးရေချိန်များသည် ပြီးခဲ့သည့် တိုင်ဖွန်းမုန်တိုင်းကြီး YAGI ၏ အကြွင်းအကျန်ဝင်ရောက်စဉ်ကထက် လျော့နည်းပါမည်။"ဟု မိုးလေဝသပညာရှင် ဦးဝင်းနိုင်က ယနေ့ ၂၀၂၄ခုနှစ် စက်တင်ဘာလ(၁၇)ရက်နေ့ ညနေပိုင်းက ပြောကြားထားသည်။

တိုင်ဖွန်းမုန်တိုင်း YAGI ဝင်ရောက်စဉ်က (၂၄)နာရီအတွင်း နေရာကွက်၍ မိုးရေချိန် အများဆုံး (၁၂)လက်မဝန်းကျင်  ရွာသွန်းခဲ့ပြီး ယခု မုန်တိုင်း GENER အလှည့်တွင် (၂၄)နာရီအတွင်း မိုးရေချိန် (၄)လက်မခန့်သာ   ရွာသွန်းနိုင်ကြောင်း တွေ့သည်ဟု ဆိုသည်။

မြန်မာနိုင်ငံသို့ ဦးတည်လာနေသည့်ဟု ဆိုသည့်  တောင်တရုတ်ပင်လယ်ထဲမှ လေဖိအားနည်းရပ်ဝန်း  GENER(19W)သည် တောင်တရုတ်ပင်လယ်ပြင်တွင် ဗဟိုပြုနေပြီး အနောက်ဘက်ကို  လျှင်လျှင်မြန်မြန် ရွေးလျားနေသည့်အတွက် တိုင်ဖွန်းမုန်တိုင်း ဖြစ်နိုင်ချေ မရှိသလောက် ဖြစ်သွားပြီဟုလည်း မိုးလေဝသပညာရှင် ဦးဝင်းနိုင်က ယနေ့ ၂၀၂၄ခုနှစ် စက်တင်ဘာလ(၁၇)ရက်နေ့ နေ့လည်(၂)နာရီ (၈)မိနစ်အချိန်က ပြောကြားထားသည်။