တာချီလိတ်မြို့တွင် Covid-19 သံသယရှိသူများ ဆေးရုံဟောင်းအတွင်းရှိ Fever Clinic တွင် ကျပ်(၁၀,၀၀၀)ပေးပြီး နေ့စဉ် စစ်ဆေးနိုင်

တာချီလိတ်မြို့တွင် Covid-19 သံသယရှိသူများ ဆေးရုံဟောင်းအတွင်းရှိ Fever Clinic တွင် ကျပ်(၁၀,၀၀၀)ပေးပြီး နေ့စဉ် စစ်ဆေးနိုင်
ဇွန် 29, 2021 | Covid-19| ရှမ်းရှေ့

Covid-19 နှင့် ပတ်သက်၍ ဒေသတွင်း ကူးစက်မှုရှိလာနေသည့် တာချီလိတ်မြို့တွင် မိမိကိုကိုယ် သံသယရှိသူများအနေဖြင့် တာချီလိတ်ဆေးရုံဟောင်းအတွင်းရှိ Fever Clinic တွင် ကျပ်(၁၀,၀၀၀)ပေးပြီး လာရောက် စစ်ဆေးနိုင်ကြောင်း သိရသည်။

တာချီလိတ်မြို့၊ ရှမ်းရိုးမကုန်တိုက်ရှေ့ရှိ ဆေးရုံဟောင်းအတွင်းရှိ Fever Clinic တွင် နေ့စဉ် နံနက်(၈)နာရီမှ နေ့လည်(၂)နာရီအတွင်း မည်သူမဆို လာရောက်၍ ကျပ်(၁၀,၀၀၀)ပေးဆောင်ပြီး  စစ်ဆေးမှု ခံယူနိုင်မည်ဖြစ်ကြောင်း အသိပေးထားရှိသည်။

တာချီလိတ်မြို့တွင် Covid-19 စစ်ဆေးနိုင်ရန် Test Kit အခုရေ (၅,၀၀၀)  ဝယ်ယူရရှိရေးအတွက် တာချီလိတ်မြို့မှ စေတနာရှင်များမှ ၂၀၂၀ခုနှစ် နိုဝင်ဘာလ(၃၀)ရက်နေ့က စတင်ကာ လှူဒါန်းပေးထားပြီး ဝယ်ယူထားရှိကြောင်းနှင့် လက်ရှိတွင် တာချီလိတ်မြို့နယ် ကိုဗစ်ကော်မတီတွင် ကျပ်သိန်း(၇၀)အပြင် ခရိုင် ကိုဗစ် ကော်မတီသို့ လှူဒါန်းထားသည့် အလှူငွေများလည်း ရှိထားကြောင်း သိရသည်။

ရှမ်းပြည်နယ် (အရှေ့ပိုင်း) တာချီလိတ်မြို့တွင်  ချောင်းဆိုး၊ လည်ပင်းနာပြီး ဖျားနာသူများနှင့် COVID 19 သံသယရှိသူများ အခမဲ့ပြသနိုင်မည့် Fever Clinic ကို တာချီလိတ်ပြည်သူ့ဆေးရုံဟောင်းဝန်းအတွင်း၌ ၂၀၂၀ ခုနှစ်၊ မေလ (၁)ရက်နေ့ကစ၍ စတင်ဖွင့်လှစ်ခဲ့ခြင်း ဖြစ်သော်လည်း နိုင်ငံ့အာဏာသိမ်းခံရပြီးသည့်နေ့က စ၍ ပိတ်သွားခဲ့ရပြီး ဇွန်လအတွင်း၌ကစ၍ Covid-19 စစ်ဆေးပေးရန်အတွက် တစ်ပတ်လျှင်(၂)ရက်သာ စစ်ဆေးပေးနေရာမှ ယခုအခါမှာ တာချီလိတ်တွင်း ဒေသတွင်း Covid-19 ကူးစက်မှုအဖြစ် (၃)ဦးတွေ့ရှိထားသည့်အတွက် နေ့စဉ် စစ်ဆေးပေးနိုင်ရန် ပြန်လည် စီစဉ်လိုက်ခြင်း ဖြစ်ကြောင်း သိရသည်။

တာချီလိတ်မြို့တွင် ဒေသတွင်း ကူးစက်မှုအဖြစ် အမျိုးသမီး (၃)ဦးတွင် ဇွန်လ(၂၈)ရက်နေ့က Covid-19 တွေ့ထားရပြီး ထိတွေ့သူ (၃၀၀)ကျော်ကို စစ်ဆေးထားကြောင်း နှင့် နေရာပေါင်း (၄)နေရာကို Lockdown သတ်မှတ်ထားကြောင်း သိရသည်။

#TachileikNewsAgency