အင်းလေးဒေသအတွင်း ကျေးရွာ ( ၁၇၀ ) ကျော် ရေနစ်မြုပ်နေ၍ အကူအညီများ လိုအပ်နေ

အင်းလေးဒေသအတွင်း ကျေးရွာ ( ၁၇၀ ) ကျော် ရေနစ်မြုပ်နေ၍ အကူအညီများ လိုအပ်နေ

 ရှမ်းပြည်နယ်တောင်ပိုင်း အင်းလေးဒေသ ညောင်ရွှေမြို့နယ်အတွင်းရှိ ကျေးရွာအုပ်စု ( ၃၅ ) စု အတွင်းရှိ ကျေးရွာပေါင်း ( ၄၄၅ ) ရွာတွင် ကျေးရွာ ( ၁၇၁ ) ရွာခန့် ရေနစ်မြုပ်နေပြီး ဒေသခံ အမြောက်အများ အကူအညီများ လိုအပ်နေကြောင်း ကူညီကယ်ဆယ်ရေး လုပ်ဆောင်နေသူများထံမှ သိရသည်။

လက်ရှိအချိန်တွင် ရေကြီးမှုကြောင့် အင်းလေးဒေသအတွင်း လျှပ်စစ်မီး ၊ ဖုန်းလိုင်းနှင့် အင်တာနက်လိုင်းများ ပြတ်တောက်နေပြီး ဒေသခံများ အစားအသောက် ၊ သောက်သုံးရေနှင့် ဆေးဝါး  အကူအညီများ လိုအပ်နေကြောင်း သိရသည်။

အင်းလေးဒေသ အမြင့်ပိုင်းတွင်ရှိသည့် ကျေးရွာများတွင်လည်း ရေကြီးမှုကြုံတွေ့နေရပြီး ၊ အနိမ့်ပိုင်းတွင်ရှိသည့် ကျေးရွာများတွင် နှစ်ထပ်ခြေတံရှည်အိမ်များ အောက်ထပ်နစ်မြုပ်သွားသည်အထိ ရေမြင့်တက်လျှက်ရှိကြောင်း ဒေသခံများထံမှ သိရသည်။

အင်းလေးဒေသအတွင်း နှစ်ပေါင်း ( ၂၀ ) အတွင်း အကြီးမားဆုံး ရေနစ်မြုပ်သည့် ဒဏ်ကို ခံစားနေရခြင်းဖြစ်ပြီး ၊ အင်းလေးဒေသတွင် ရေကြီးပါက တခြားဒေသနှင့်မတူဘဲ ရက်ပိုင်းအတွင်း ရေပြန်မကျဘဲ လနှင့်ချီအောင် ကြာမြင့်တတ်သည့်အတွက် ဒေသခံများ နေထိုင်စားသောက်ရေး စိုးရိမ်နေရကြောင်း သိရသည်။

ယာဂိမုန်တိုင်း အရှိန်ကြောင့် မြန်မာနိုင်ငံ နေရာအနှံ့အပြားတွင် မိုးသည်းထန်စွာ ရွာသွန်းမှုနှင့်အတူ ရေကြီး၊ ရေလျှံ မြေပြိုမှုများဖြစ်ပေါ်နေပြီး ၊ တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် မြို့နယ် ( ၃၄ ) မြို့နယ်အတွင် ရေကြီးနစ်မြုပ်ခြင်း ကြုံတွေ့နေရကာ သေဆုံးသူ ရာနှင့်ချီရှိပြီး ၊ ရေဘေးဒုက္ခသည် နှစ်သိန်းကျော်ရှိနေကြောင်း စစ်ကောင်စီ၏ ထုတ်ပြန်ချက်များအရ သိရသည်။