တာချီလိတ်မြို့တွင် ရေကြီးရေလျှံမှုကြောင့် ရပ်ကွက်များအတွင်း လူဦးရေ ထောင်နှင့်ချီ ပိတ်မိနေပြီး အစာရေဆာ ပြတ်လပ်နေ၍ အကူအညီ မဲ့နေ

တာချီလိတ်မြို့တွင် ရေကြီးရေလျှံမှုကြောင့် ရပ်ကွက်များအတွင်း လူဦးရေ ထောင်နှင့်ချီ ပိတ်မိနေပြီး အစာရေဆာ ပြတ်လပ်နေ၍ အကူအညီ မဲ့နေ

 ရေကြီးရေလျှံမှု (၂)ရက်ဆက်တိုက် ဖြစ်ပွားကာ ရေကျသွားခြင်း မရှိသေးသည့် တာချီလိတ်မြို့တွင် ရေဖုံးလွှမ်းမှုကြောင့် နေအိမ် ခြံဝန်းများတွင် ပိတ်မိနေသူများမှာ ထောင်နှင့်ချီ ရှိနေပြီး ယနေ့ ၂၀၂၄ခုနှစ် စက်တင်ဘာလ(၁၁)ရက်နေ့ ညနေပိုင်းအထိ အစာရေဆာ ပြတ်လပ်နေပြီး ကူညီ ကယ်ဆယ်ရေးများ လိုအပ်နေလျှက်ရှိကြောင်း သိရသည်။

တာချီလိတ်မြို့ပေါ် ရပ်ကွက်များဖြစ်သည့် ပုန်းထွန်ရပ်ကွက်၊ တာလော့ရပ်ကွက် နှင့် မကာဟိုခမ်းရပ်ကွက်အတွင်း မေဖလားဝါးကွင်း၊ ဆန်ဆိုင်း(ခ)ရပ်ကွက်အတွင်း တိုးနယားကွင်း၊ ဆန်ဆိုင်း(က)ရပ်ကွက် နှင့် မယ်ခေါင်ရပ်ကွက် အနောက်မြို့ပတ်လမ်းတလျှောက် အပြင် မယ်ခေါင်ရပ်ကွက်အတွင်း နှင့် ရွှေမြေသာယာ(လားဟူ)ဈေး တစ်ဝိုက်တို့တွင် အကူအညီလိုအပ်နေသူ များပြားနေသည်။

ယင်းအပြင် မယ်ခေါင်ရပ်ကွက်အလွန် ရန်အောင်မြေရပ်ကွက်၊ ဝိန်းကျောက်ရပ်ကွက်(တော်ကော့)တို့တွင် ပိတ်မိနေသူများရှိပြီး အကူအညီများ လိုအပ်နေလျှက်ရှိကြောင်း သိရသည်။

ရေကြီးရေလျှံမှုကြောင့် အိမ်ပြင်ပ ထွက်လို့မရဘဲ ပိတ်မိနေသူများက Tachileik News Agency သို့ ယနေ့  ၂၀၂၄ခုနှစ် စက်တင်ဘာလ(၁၂)ရက်နေ့  နံနက်(၈)နာရီခွဲအချိန်အထိ ဆက်သွယ် အကူအညီတောင်းလာကြသည့် အကြောင်းအရာများကို ၎င်းတို့ ပြောလာသည့် မူရင်းအတိုင်း အောက်တွင် ဖော်ပြပေးလိုက်ပါသည်။



🛑 "ပုန်းထွန်မြေစာရင်းရုံဘေးက (၂)ထပ်အိမ်မှာ လေဖြတ်နေတဲ့ လူနာနဲ့ မိသားစုကို ကူပေးကြပါဦး၊ ဖုန်းဆက်သွယ်လို့လည်းမရတော့လို့ပါ"

🛑 "ပုန်းထွန်(၃)လမ်းနှင့် (၄)လမ်းကြား လမ်းမပေါ် လိုင်းခန်းမှာ ပိတ်မိနေသော ခလေးလူကြီး အယောက်(၅၀)ခန့်ရှိတယ်။ ကယ်ထုတ်ကြပါအုံး။ ထမင်းလဲမစားရသေးဘူး။ သောက်ရေလဲမရှိဘူး.."



🛑 "ဖန်မင်အုပ်စု မစိုးရိမ်ကျောင်းတိုက် စံပယ်ရွာ မောင်နှမ(၃)ယောက်ပဲရှိလို့ စိတ်ပူလို့ပါရှင့် မနေ့ထဲက အဆက်သွယ်မရတော့တာမို့ တစ်ယောက်က ဗိုက်ကြီးသည်မို့ပါရှင့်"

🛑 "ပုန်းထွန်း (၅)လမ်းမှာ အသက် (၇၀)ရောဂါသည် တယောက်နဲ့ မိန်းကလေး တယောက် ပိတ်မိနေပါတယ်။ မနေ့ကတည်းကပါ ဒုတိယထပ်ထိရေတက်နေတော့ ခေါင်မိုးမှာတက်နေနေရပါတယ်"

🛑 "တာချီလိတ်မြို့ ပုန်းထွန်ရပ်ကွက် (၂)လမ်းထဲက (၂)ထပ်အိမ်ထဲ လေဖြန်းနေတဲ့ အန်တီနဲ့သူ့သား ပိတ်မိနေလို့ပါ။ မနေ့ကတည်းကပါ မနက်ကျတော့ ဒုတိယအထပ်ပါ ရေတက်နေပါပြီ။ ရေက ပိုတက်နေလို့ အဆက်အသွယ်ပါ ပြတ်သွားလို့ ကယ်ပါဦးနော်" 

🛑 "မကာဟိုခမ်း မေဖလားဝါးကွင်း တရုတ်ဘုံကျောင်းနားက နွဲ့လင်းထွန်းဟိုတယ်ဘေးက (၃)ထပ်အိမ်ကပါ။ ကလေးငယ် (၂)ယောက်လည်းရှိလို့ပါရှင့်။ ကျေးဇူးပြုပြီး ကူညီပေးပါအုံးရှင့် အိမ်နံပတ်က ၂ /၉၆ ပါ။"

🛑 "မေဖလားဝါးကွင်း ရွှေမဟာကျောင်းအရှေ့လမ်းမှာ အဖွာ(၂)ယောက် ကောင်လေး(၁)ယောက် ကလေးမလေး (၁)ယောက် စုစုပေါင်း(၄)ယောက် ပိတ်မိနေပါတယ်"

🛑 "မြလင်းပွင့် မိုတယ် အပေါ်ထပ် ကလေး(၂)ဦး လူကြီး (၆)ဦး အစာရေဆာ လိုအပ်နေပါတယ် ထွက်မရလို့ပါ"



🛑 " တာလော့ ခရစ်ယာန်ကျောင်းရှေ့ SB ရုံးမှာ လူတစ်ယောက်အခုထိပိတ်မိနေတုန််းမလို့ပါရှင့်"

🛑 "တာလော့ ခရစ်ယာန်ကျောင်းရှေ့ SB ရုံးအနီးမှာ လူတစ်ယောက် အခုထိပိတ်မိနေတုန်းမလို့ပါရှင့်"

🛑 "မယ်ယန်းဈေးမှာ (၈)ယောက် ကယ်ဆယ်ပေးပါအုန်းရှင်။ သက် (၈၀)လောက် တစ်ယောက်၊ ကလေး(၃)နှစ် (၂)ယောက်ရှိလို့ပါ။  စိတ်ပူလွန်းလို့။ မနေ့ညကထမင်းမစားရသေးပါရှင်။ "  

🛑 "ဖေမလားဝါးကွင်း ဒိုင်နိုစောရေဆေးခုံမှာ ကယ်ဖို့ လိုအပ်နေပါတယ်ရှင့်။ ထမင်းမစားရတာ (၃)နပ်ရှိပါပြီ။"

🛑 "တာချီလိတ်မြို့ တာလော့ရပ်ကွက် အရက်ဖိုဟောင်းရှေ့ ကိုထွန်းကီလိုဆိုင်မှာ ပိတ်မိနေလို့ ကယ်ဆယ်ရေး လွတ်ပေးပါ"

🛑 "အဘွားက (၇၀)ကျော်ပြီမို့ ကျန်းမာရေးလည်း မကောင်းလို့ပါ။  အဘွားက အရင်က ကင်ဆာ ကုထားဖူးတော့ အရမ်းအားနည်းနေလို့ပါ။ ဆင်ဖြူမင်း ရေသန့်စက်ရဲ့  မျက်စောင်းထိုး တိုက်ပုလေးမှာပါ။ တစ်ထပ်တိုက်မို့ ပိုစိုးရိမ်ရလို့ပါရှင့်။ အိမ်သားစုစုပေါင်း ၅ယောက်ပါရှင့်"

🛑"တာချီလိတ် တာလေ့ာ nine star hotel ရှေ့ခြံဝန်းမှာ လူအယောက် (၂၀)လောက် ပိတ်မိနေလို့ပါ။ မယ်ဆိုင်ချောင်းနဲ့ကပ်ရပ်အိမ်ဖြစ်နေလို့ပါဗျ"

 

🛑"တာချီလိတ်မြို့  ပုန်းထွန်ရပ်ကွက် ဝါးဆိပ်လမ်း ပြည်သူ့စစ်ဂိတ်နား  ရေချောင်းဘေး ကယ်ပေးကြပါ။ (၃)နှစ်အရွယ် ကလေးငယ် အပါအဝင် လူ(၂၀)ကျော် ပိတ်မိနေလို့ပါ။ ရေဒီထက် တက်လာရင် နေစရာမရှိတော့ဘူး။ အန္တရာယ်များနေပါတယ်။ ထမင်းလည်းမစားရသေးပါဘူး။ မနေ့ကတည်းက စားသောက်စရာတွေ မရပါဘူး။ ကူညီပေးကြပါ"

🛑 "တာချီလိတ်မြို့ တာလော့ရပ်ကွက်အတွင်း ကမ်းနားလမ်း နိုင်းစတားဟိုတယ်ရှေ့က မယ်ဆိုင်ချောင်းဘေး အိမ်ဝိုင်းထဲမှာ ကလေးနဲ့လူကြီး (၃၀)လောက် ပိတ်မိနေလို့ပါ။ အစားအသောက်လည်း အခက်အခဲဖြစ်နေကြပါတယ်။ အိမ်ရဲ့ (၂)ထပ်စလုံး ရေဝင်နေလို့ပါ"

🛑 တာချီလိတ်မြို့ မယ်ခေါင်ရပ်ကွက် အနောက်မြို့ပတ်လမ်းဘက်က မင်းအာကာ ကားရေဆေးဆိုင်လမ်းဘက်က အိမ်အမှတ် ၄၂၄ မှာ ပိတ်မိနေသူတွေရှိနေလို့ 

 

 ယင်းအပြင်  မယ်ခေါင်ရပ်ကွက်အတွင်း ဦးစိုင်းစိုင်း အိမ်းငှားတွင်လည်း ပိတ်မိနေသူ များပြားနေသလို မယ်ဆိုင်ချောင်းနှင့်နီးစပ်သည့် ပုန်ထွန်ရပ်ကွက်အတွင်း အလူရာဟိုတယ်သွားလမ်းတကြောတွင် ပိတ်မိနေသူ ရာနှင့်ချီ ရှိနေကြောင်းနှင့် တာလော့ရပ်ကွက်အတွင်း ကမ်းနားဟိုတယ်လမ်းဘက်တွင်လည်း ပိတ်မိနေသူ အများအပြားရှိနေကြောင်း သိရသည်။

  တာချီလိတ်ဘက်တွင် ၂၀၂၄ခုနှစ် စက်တင်ဘာလ(၁၀)ရက်နေ့ကနေ ယနေ့ စက်တင်ဘာလ(၁၂)ရက်နေ့ နံနက်(၈)နာရီခွဲအချိန်အထိ ပုန်းထွန်၊ တာလော့၊ မေဖလားဝါးကွင်း၊ တိုးနယားကွင်း၊ မယ်ခေါင် နှင့် ဖန်မင်ကျေးရွာအုပ်စုအတွင်း အပါအဝင် မယ်ဆိုင်ချောင်းအနီး လွယ်တော်ခမ်းတို့မှ ရေဘေးကြောင့် ပိတ်မိနေသူ ပြည်သူများမှာ အစာရေဆာပြတ်လပ်ပြီး မျှော်လင့်ချက်မဲ့နေသည်။