ရှမ်းတောင်တွင် စစ်ကောင်စီတပ်၏ လေကြောင်း၊ လက်နက်ကြီးကြောင့် သေဆုံးသူ အရပ်သား ၆၀ ကျော်အထိ တိုးလာ

Photo: PNLA /  ဆီဆိုင်မြို့ကို မတ်လ ၂၄ ရက်တွင် စစ်ကောင်စီတပ်က လက်နက်ကြီးနှင့် ဒရုန်းများဖြင့် ပစ်ခတ်ပြီးနောက် မြင်ကွင်း။
Photo: PNLA /  ဆီဆိုင်မြို့ကို မတ်လ ၂၄ ရက်တွင် စစ်ကောင်စီတပ်က လက်နက်ကြီးနှင့် ဒရုန်းများဖြင့် ပစ်ခတ်ပြီးနောက် မြင်ကွင်း။
ရှမ်းတောင်တွင် စစ်ကောင်စီတပ်၏ လေကြောင်း၊ လက်နက်ကြီးကြောင့် သေဆုံးသူ အရပ်သား ၆၀ ကျော်အထိ တိုးလာ
By Tachileik News Agency

ရှမ်းပြည်နယ်တောင်ပိုင်းတွင် စစ်ကောင်စီတပ်၏ လေကြောင်းတိုက်ခိုက်မှုနှင့် လက်နက်ကြီးပစ်ခတ်မှုတို့ကြောင့် ၂၀၂၄ ခုနှစ် ဧပြီလ (၁၃)ရက်နေ့အထိ အရပ်သား (၆၁)ဦး သေဆုံးခဲ့ပြီး ဒဏ်ရာရသူ(၇၈)ဦးရှိကြောင်း ပအို့ဝ်လူငယ်အဖွဲ့အစည်း (Pa-O Youth Organization က ၂၀၂၄ ခုနှစ် ဧပြီလ (၁၅)ရက်နေ့တွင် သတင်းထုတ်ပြန်သည်။

ယင်းသို့သေဆုံးရသည့် အရပ်သားများအနက် (၇)ဦးမှာ အသက် (၆)လသားမှ (၁၀)နှစ်အတွင်း ကလေးငယ်များ ဖြစ်ကြသည်ဟု သိရသည်။

အရပ်သားသေဆုံးရမှုများတွင် လက်နက်ကြီးထိမှန်၍ သေဆုံးရသူ (၁၈)ဦး၊ လေကြောင်းတိုက်ခိုက်မှုကြောင့် သေဆုံးရသူ (၁၆)ဦး၊ စစ်ကောင်စီတပ်က ဖမ်းဆီးခြင်းခံရပြီး သေဆုံးသူ (၁၅)ဦး၊ စစ်ဘေးရှောင်နေစဉ်၊ နေရပ်သို့ စားနပ်ရိက္ခာပြန်သယ်စဉ်နှင့် စစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် စစ်ဆေးခံစဉ် ကြောက်လန့်ထွက်ပြေးမိ၍ ပစ်ခတ်ခံရသူပေါင်း (၁၂)ဦးရှိသည်ဟု သိရသည်။

ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(PNLA)နှင့် စစ်ကောင်စီတပ်တို့ကြား တိုက်ပွဲများ စတင်ခဲ့သည့် ဇန်နဝါရီလ (၂၁)ရက်နေ့မှစ၍ ဧပြီလ (၁၃)ရက်နေ့အထိ (၈၄)ရက်တာကာလအတွင်း ရှမ်းပြည်နယ်တောင်ပိုင်း ဆီဆိုင်၊ ညောင်ရွှေ၊ ဟိုပုံးနှင့် ပင်လောင်းမြို့နယ်များအတွင်း စစ်ကောင်စီတပ်က လေကြောင်းမှ (၄၆၂)ကြိမ်ထက်မနည်း ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး လက်နက်ကြီးပစ်ခတ်တိုက်ခိုက်မှုပေါင်း (၂၈၄၆)ကြိမ်ထက်မနည်း ပြုလုပ်ခဲ့ကြောင်း ပအို့ဝ်လူငယ်အဖွဲ့အစည်း၏ သတင်းထုတ်ပြန်ချက်တွင် ဖေါ်ပြသည်။

ရှမ်းပြည်နယ်တောင်ပိုင်း တိုက်ပွဲများကြောင့် ယနေ့အထိ နေရပ်စွန့်ခွာထွက်ပြေးရသူပေါင်း (၇၀,၃၀၀)ဦးရှိနေပြီး ဆီဆိုင်မှ တိမ်းရှောင်ရသူအရေအတွက်မှာ (၅၂၁၅၀)ဦးရှိကြောင်း သိရသည်။