တာချီလိတ်မြို့တွင် တစ်နေ့တည်းက ကိုယ်ဝန်ဆောင်အမျိုးသမီးတစ်ဦး မြေပြို၍ သေဆုံးပြီး ရေထဲမျောပါ၍ သေဆုံးသူ (၂)ဦး ရှိ

တာချီလိတ်မြို့တွင် တစ်နေ့တည်းက ကိုယ်ဝန်ဆောင်အမျိုးသမီးတစ်ဦး မြေပြို၍ သေဆုံးပြီး ရေထဲမျောပါ၍ သေဆုံးသူ (၂)ဦး ရှိ
စက်တင်ဘာ 13, 2024 | ရှမ်းရှေ့

ရေကြီးရေလျှံမှု ဖြစ်ပွားနေသည့် တာချီလိတ်မြို့တွင် တစ်နေ့တည်း ကိုယ်ဆောင်အမျိုးသမီးတစ်ဦး မြေပြိုမှုကြောင့် သေဆုံးပြီး  လူ(၂)ဦး ရေထဲမျောပါ သေဆုံးသွားကြောင်း သိရသည်။

၂၀၂၄ခုနှစ် စက်တင်ဘာလ(၁၁)ရက်နေ့ တစ်နေ့တည်းတွင် တာချီလိတ်မြို့ ဝမ်ကောင်းရပ်ကွက်အတွင်း မြေပြိုမှုကြောင့် ကိုယ်ဆောင်တစ်ဦး ပိတ်မိပြီး သေဆုံးသွားကြောင်း သိရသည်။

မြေပြိုရာသို့ ကယ်ဆယ်ရေးနှင့် လူမှုကူညီရေးအသင်းအဖွဲ့များ သွားရောက် ရှာဖွေ ကယ်ဆယ်မှုများ ပြုလုပ်ရာတွင် အမျိုးသမီးအား သေဆုံးလျှက်ဖြင့် တွေ့ရပြီး ဆေးရုံသို့ ပို့ဆောင်ပြီးနောက် ရင်ခွဲစစ်ဆေးချက်အရ ဝမ်းတွင်း၌ ကလေးမှာလည်း သေဆုံးနေကြောင်း သိရသည်။

ယင်းအပြင် တာချီလိတ်မြို့ မကာဟိုခမ်းရပ်ကွက် နှင့် ဝမ်ကောင်းရပ်ကွက်အကြားရှိ နမ့်ယွန်းချောင်း ရေလျှံပြီး ရေစီးသန်မှုကြောင့် မကာဟိုခမ်းဘက်ခြမ်း ချောင်းဘေးနေ အသက်(၅၆)နှစ်ရွယ် ဒေါ်ချို ဆိုသူမှာ ရေစီးနှင့်အတူ မျောပါပြီး သေဆုံးသွားကြောင်း သိရည်။

အလားတူ အဆိုပါ နေ့မှာပင်  တာချီလိတ်မြို့နယ်အတွင်း ဖန်မင်ကျေးရွာအုပ်စု မယ်ယန်းရှိ မယ်ဟုတ်တံတားပေါ် ရေလွှမ်းမိုးပြီး ရေစီးသန်မှုကြောင့် စိတ်မနှံ့သည့် အမျိုးသားတစ်ဦး ရေထဲ မျောပါသေဆုံးသွားကြောင်း သိရသည်။

နယ်စပ်ဒေသ တာချီလိတ်မြို့တွင် ၂၀၂၄ခုနှစ် စက်တင်ဘာလ(၁၀)ရက်နေ့ကနေ စက်တင်ဘာလ(၁၃)ရက်နေ့အထိ ဖြစ်ပွားသည့် ဆိုးရွားဆုံး ရေကြီးရေလျှံ မြေပြိုမှုများကြောင့်  ရေထဲမျောပါသေဆုံးသူ (၂)ဦး မြေပြိုမှုကြောင့် သေဆုံးသူ (၄)ဦးအထိ ရှိကြောင်း သိရသည်။

လက်ရှိတွင် အချို့နေရာများတွင် ဆက်သွယ်မှု ပြတ်တောက်နေဆဲဖြစ်၍ အဆိုပါ အရေအတွက်မှာ နီးစပ်ဆုံး အရေအတွက်သာဖြစ်သည်။