စစ်တပ်၏ ဦးပိုင်ကုမ္ပဏီ ကိုယ်စား မြန်မာရူဘီအင်တာပရိုက်(စ်)ကုမ္ပဏီက ရှမ်းပြည်နယ်အရှေ့ပိုင်းဒေသ၊ တာချီလိတ်မြို့နယ် မိုင်းကိုးကျေးရွာအုပ်စုအတွင်း ရွှေသတ္တူလုပ်ငန်း လုပ်ကိုင်ရန်အတွက် မြေဧကပေါင်း (၁၂၅)ဧက လျှောက်ထားကြောင်း သိရသည်။
တာချီလိတ်မြို့နယ် မိုင်းကိုးကျေးရွာအုပ်စုအတွင်း "ရွှေသတ္တူအလတ်စား စမ်းသပ်တိုင်းတာခြင်းနှင့် ဖြစ်မြောက်စွမ်း လေ့လာခြင်း ဆောင်ရွက်ရန်"ဟုဆိုကာ မြေဧကပေါင်း (၁၂၅)ဧကကို စစ်တပ်ပိုင် ကုမ္ပဏီဖြစ်သည့် "မြန်မာ့စီးပွားရေးဦးပိုင် အများနှင့်သက်ဆိုင်သော ကုမ္ပဏီကိုယ်စား"ဟု အမည်သုံးကာ မြန်မာရူဘီအင်တာပရိုက်(စ်) ကျောက်မျက်ရတနာ ကုမ္ပဏီသည် ၂၀၂၄ခုနှစ် ဇူလိုင်လအတွင်းက လျှောက်ထားခြင်း ဖြစ်ကြောင်း သိရသည်။
မြန်မာ ရူဘီ အင်တာပရိုက်(စ်) ကျောက်မျက်ရတနာ ကုမ္ပဏီ လီမိတက် (Myanmar Ruby Enterprise (Gems & Jewellery) Co., Ltd.)သည် အမေရိကန်နိုင်ငံမှ ၂၀၂၁ခုနှစ် ဖေဖော်ဝါ်ရီလ(၁၁)ရက်နေ့က စီးပွားရေးဒဏ်ခတ်ပိတ်ဆို့မှု စာရင်းတွင် ပါဝင်သည့် ကုမ္ပဏီဖြစ်သည်။
နယ်စပ်ဒေသ တာချီလိတ်မြို့နယ်အတွင်း၌ တောင်များကို ဖြိုပြီး သတ္တူလုပ်ငန်းများ လုပ်ဆောင်မှုများကြောင့် သဘာဝတောတောင်များ ပြုန်းတီးလာပြီး သဘာဝဘေးအန္တရာယ်များနှင့် ပါ ကြုံတွေ့လာခြင်းအဖြစ် ပြီးခဲ့သည့် ရက်များက ရက်ရှည်ကြာ ရေကြီးရေလျှံမှုများပါ ဖြစ်ပေါ်ခဲ့သေးသည်။