နေပြည်တော် တပ်ကုန်းတွင် ရေကြီးမှုအတွင်း တစ်ညလုံး ပိတ်မိနေသူများကို ပရဟိတအဖွဲ့များက လိုက်လံရှာဖွေကယ်ဆယ်နေ

နေပြည်တော် တပ်ကုန်းတွင် ရေကြီးမှုအတွင်း တစ်ညလုံး ပိတ်မိနေသူများကို ပရဟိတအဖွဲ့များက လိုက်လံရှာဖွေကယ်ဆယ်နေ

 မန္တလေးတိုင်းဒေသကြီး၊  နေပြည်တော် တပ်ကုန်းတွင် ယမန်နေ့က နေအိမ်များ မျောပါသည်အထိ ရုတ်တရက် တရှိန်ထိုး ရေကြီးမှုအတွင်း  ပိတ်မိကျန်ရှိနေသူများကို ၂၀၂၄ ခုနှစ် စက်တင်ဘာလ (၁၂)ရက်နေ့ နံနက်ပိုင်း၌ ပရဟိတအဖွဲ့များက လိုက်လံ ကယ်ဆယ်ပေးနေကြသည်ကို တွေ့ရသည်။

တပ်ကုန်းမြို့နှင့် အနီးဝန်းကျင် ကျေးရွာအများအပြားတွင် ယမန်နေ့ မိုးသည်းထန်မှုကြောင့် ဆင်းလာသည့် တောင်ကျချောင်းရေများ၊ ဆည်ကျိုးပေါက်ခြင်း၊ ဆည်ရေလွှတ်ခြင်းများမှ  ရုတ်တရက် တရှိန်ထိုး ရေကြီးမှုအတွင်း လူများ၊ တိရစ္ဆာန်များ၊ နေအိမ်များပါ မျောပါသွားခဲ့ခြင်းဖြစ်သည်။

နေအိမ်များမြုပ်သည်အထိ ရေကြီးမှုအတွင်း ပိတ်မိနေသည့် ဒေသခံများမှာ ခေါင်မိုးများ၊ သစ်ပင်များတွင် ခိုကပ်ကာ တစ်နေ့နှင့် တစ်ညလုံး ကယ်ဆယ်မည့်သူများကို စောင့်မျှော်ခဲ့ကြရခြင်းဖြစ်သည်။



"အိမ်ပြိုသွားတယ်။ သစ်ပင်ပေါ် တစ်ရက် တစ်ညနဲ့ တစ်မနက်နေခဲ့ရတယ်။ ထမီမရှိတော့လို့ ဆာလာအိတ်ပတ်နေခဲ့ရတယ်။ အင်္ကျီလဲ ရေထဲမျောပါလာတာကို ဝတ်ထားရတာ"ဟု တပ်ကုန်း မကျီးပင်ရွာမှ ရေဘေးသင့် ဒေသခံတစ်ဦးက ဆိုသည်။

ယမန်နေ့ကတည်းက ရေကြီးနစ်မြုပ်ခဲ့သည့် တပ်ကုန်းမြို့နယ်တွင်း ကျေးရွာများမှ ဒေသခံများမှာ အိမ်နစ်မြုပ်သွားသဖြင့် သစ်ပင်ပေါ် မိသားစုလိုက်တက်နေကြရသည်အထိ ဖြစ်နေကြောင်း ကယ်ဆယ်ရေးသမားများက ဆိုသည်။ 

"သစ်ပင်ပေါ်မှာ တစ်ရက်နဲ့ တစ်ည မိသားစု ကလေး တွေအပါပေါ့ (၆)ယောက်နေခဲ့ရတယ်။ ညကတစ်ညလုံး မအိပ်ရဘူး။ အိမ်မွေးတိရိစ္တာန်တွေလည်း ရေ မြုပ်ပြီးသေသွားတယ်။"ဟု ကယ်ဆယ်ရေးသမားတစ်ဦးက ပြော သည်။



မုံချောင်းဆည်နှင့် တောင်ကျချောင်းရေများကြောင့် နေပြည်တော်၊ တပ်ကုန်းမြို့နယ်အတွင်းရှိ မန်ကျည်း ပင်၊ လက်ပံပု၊ ပိန်းတော၊ သရက်ကုန်း၊ ရှောက်ကုန်း၊ ညောင်ကုန်း၊ ညောင်လွန့်ရွာများနှင့် တပ်ကုန်းမြို့ တွင်းရှိ အနော်ရထာရပ်ကွက်၊ ဘုရင့်နောင်ရပ်ကွက်၊ ရွေမာန်းတော်ရပ်ကွက်၊ ဆေးရုံနှင့် ဘိုးဘွားရိပ်သာများ ရေနစ်မြုပ်နေကြောင်း သိရသည်။ 



ယမန်နေ့ကတည်းက ဒေသတွင်းရှိ လူမှုကူညီရေး ကယ်ဆယ်ရေးအဖွဲ့များက ရေကြီးမှုအတွင်း ပိတ်မိနေသူများအား ကယ်တင်ရန် ကြိုးစားခဲ့ကြသည်ကို တွေ့ရသော်လည်း ရေစီးသန်မှု၊ လမ်းတံတားများ ရေကြီးနစ်မြုပ် ပျက်စီးမှုတို့ကြောင့် အခက်အခဲများ ကြုံခဲ့ကြရခြင်းဖြစ်သည်။

လက်ရှိတွင် ရေကြီးနစ်မြုပ်၍ လူအများပိတ်မိနေသည့် နေရာများကို ဒေသတွင်းအပြင် အခြားဒေသများကပါ လာရောက်ကူညီပေးနေသည့် လူမှုကူညီရေးအဖွဲ့များက စက်လှေများဖြင့် ရှာဖွေကယ်ဆယ်ပေးရန် ကြိုးစားလုပ်ကိုင်နေကြသည်ကို တွေ့ရသည်။

ယာဂီတိုင်ဖွန်းအရှိန်ဖြင့် မိုးများကာ အဆိုးဝါးဆုံး ရေကြီးနစ်မြုပ်မှုဒဏ်ကို ကြိုတင်သတိပေးခြင်း၊ ကြိုတင်ပြင်ဆင် ကာကွယ်ရေးအစီအစဉ်များ မရှိဘဲ ပြည်သူများအနေဖြင့် ရင်ဆိုင်နေကြရခြင်းဖြစ်သည်။