ရေကြီးခြင်းကြောင့် ပျက်စီးသွားသည့် ပန်ဆန်း-မိုင်းပေါက် လမ်းပိုင်း ယာယီပိတ်ထားမည်

ရေကြီးခြင်းကြောင့် ပျက်စီးသွားသည့် ပန်ဆန်း-မိုင်းပေါက် လမ်းပိုင်း ယာယီပိတ်ထားမည်
စက်တင်ဘာ 11, 2024 | 2021 Military Coup| အခြားဒေသများ

မိုးကြီးရေလျှံမှုကြောင့် ဝ ဒေသ ပန်ဆန်း-မိုင်းပေါက် လမ်းပိုင်းအများစုပျက်စီးသွားပြီး ကုန်တင်ကားနှင့် ခရီးသွားယာဥ်များကို သွားလာခွင့် ယာယီ ပိတ်ထားမည်ဖြစ်ကြောင်း UWSA က ၂၀၂၄ ခုနှစ် စက်တင်ဘာလ (၁၀)နေ့က ထုတ်ပြန်သည်။

ရေကြီးခြင်းကြောင့် ပန်းဆန်း(ပန်းခမ်း)နှင့် မိုင်းပေါက်ကြားရှိ ပျက်စီးသွားသည့် လမ်းပိုင်းများကို UWSA ဘက်က ပြန်လည်ပြုပြင်ရေးနှင့် ကယ်ဆယ် ရေးလုပ်ငန်းများ လုပ်ဆောင်နေသည်ဟု သိရသည်။ 

အဆိုပါ လမ်းပိုင်းများ ဖွင့်လှစ်မည့်ရက်ကို ပြန်လည်ထုတ်ပြန်သွားမည်ဟုလည်း အသိပေးထားသည်။ 

ပန်ဆန်းနှင့် မိုင်းပေါက်မြို့၌ စက်တင်ဘာလ (၉)ရက်နေ့ကစတင်ကာ မိုးအဆက်မပြတ်ရွာသွန်းခြင်းကြောင့် ရေကြီးရေလျှံမှုဖြစ်ပြီး မိုင်းပေါက်−ပန်ဆန်းလမ်းလည်း ရေ‌တိုက်စား၍ ပျက်စီသွားခြင်းဖြစ်သည်။

အဆိုပါဒေသတွင် စက်တင်ဘာလ (၉)ရက်နေ့ကတည်းက မိုးအဆက်မပြတ်ရွာသွန်းကာ ရေကြီးရေလျှံမှုများ ဖြစ်ပွားနေခဲ့ခြင်းဖြစ်ပြီး စက်တင်ဘာလ (၁၁)ရက်နေ့တွင် မိုးရွာသွန်းမှုမရှိတော့ဘဲ ရေကျဆင်းလာနေပြီဖြစ်ကြောင်း သိရသည်။

YAGI တိုင်ဖွန်းဒဏ်ကြောင့် ရှမ်းပြည်နယ်အရှေ့ပိုင်းဒေသတလျှောက်တွင် မိုးသည်းထန်စွာရွာသွန်းကာ တောင်ကျရေများကြောင့် ရေကြီးနစ်မြုပ်မှုများ ဖြစ်ပွားနေခြင်းဖြစ်သည်။

#TachileikNewsAgency