ခါမ်းပါတ်ရဲစခန်းမှ ထွက်ပြေးလာသည့် ရဲတပ်သားတစ်ဦးနှင့် တွန်းဇံရဲစခန်းမှ ရဲ(၃)ဦး တွန်းဇံ ပအဖထံ ခိုလှုံ

ခါမ်းပါတ်ရဲစခန်းမှ ထွက်ပြေးလာသည့် ရဲတပ်သားတစ်ဦးနှင့် တွန်းဇံရဲစခန်းမှ ရဲ(၃)ဦး တွန်းဇံ ပအဖထံ ခိုလှုံ
နိုဝင်ဘာ 8, 2023 | 2021 Military Coup| အခြားဒေသများ

စစ်ကိုင်းတိုင်း ခါမ်းပါတ်မြို့ရဲစခန်းမှ ထွက်ပြေးလာသည့် ရဲတပ်ဖွဲ့ဝင်တစ်ဦးနှင့် ချင်းပြည်နယ် တွန်းဇံမြို့အခြေစိုက် ရဲစခန်းမှ ရဲတပ်သား(၃)ဦးတို့ တွန်းဇံမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ထံ ပြီးခဲ့သည့် ၂၀၂၃ခုနှစ် အောက်တိုဘာလက လာရောက်ခိုလှုံခဲ့ကြောင်း သိရသည်။

တော်လှန်ရေးတပ်များက ခါမ်းပါတ်မြို့အား တိုက်ခိုက်နေချိန် ခါမ်းပါတ်မြို့ရဲစခန်းမှ ရဲတပ်သားတစ်ဦးမှာ ထွက်ပြေးလာခဲ့ခြင်းဖြစ်ကာ လက်နက်မဲ့ ခိုလှုံလာခဲ့ပြီး တွန်းဇံမြို့အခြေစိုက် ရဲတပ်ဖွဲ့ဝင်(၃)ဦးလည်း လက်နက်မဲ့ ခိုလှုံလာခြင်းဖြစ်ကြောင်း သိရသည်။

အာဏာသိမ်းစစ်ကောင်စီ လက်အောက်မှ ပြည်သူ့ဘက်သို့ ဘက်ပြောင်းခိုလှုံလိုသည့် ရဲတပ်ဖွဲ့ဝင်များအား တွန်းဇံပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က လက်ကမ်းကြိုဆိုကြောင်း ယနေ့ နိုဝင်ဘာလ (၈)ရက်နေ့တွင် သတင်းထုတ်ပြန်ထားသည်။

အိန္ဒိယ-မြန်မာနယ်စပ် စစ်ကိုင်းတိုင်း၊ တမူးမြို့နယ် ခါမ်းပါတ်မြို့ကို ကချင်လွတ်မြောက်ရေးတပ်မတော် (KIA)၊ တမူး PDF၊ CDF(တွန်းဇံ)နှင့် ဒေသကာကွယ်ရေးပူးပေါင်းတပ်များက တိုက်ခိုက်ပြီးနောက် ယမန်နေ့ နိုဝင်ဘာလ (၇)ရက်နေ့တွင် သိမ်းပိုက်ခဲ့ခြင်းဖြစ်သည်။

#TachileikNewsAgency