စစ်သုံ့ပန်းနှင့်အကျဉ်းသားများအား ဆေးကုသပေးနေသည့် နေရာကို စစ်ကောင်စီက လေကြောင်းဖြင့် ဗုံးကြဲမှုကြောင့် စစ်သုံ့ပန်းများ အပါအဝင် (၁၇) ဦး သေဆုံး

စစ်သုံ့ပန်းနှင့်အကျဉ်းသားများအား ဆေးကုသပေးနေသည့် နေရာကို စစ်ကောင်စီက လေကြောင်းဖြင့် ဗုံးကြဲမှုကြောင့် စစ်သုံ့ပန်းများ အပါအဝင် (၁၇) ဦး သေဆုံး
စက်တင်ဘာ 10, 2024 | 2021 Military Coup| အခြားဒေသများ

ရခိုင်ပြည်နယ် ပေါက်တောမြို့နယ်အတွင်း စစ်သုံ့ပန်းများနှင့် အကျဉ်းသားများအား ဆေးကုသပေးနေသော နေရာ တစ်နေရာကို စစ်ကောင်စီတပ်က ဂျက်တိုက်လေယာဉ်ဖြင့် ဗုံးကြဲရာ (၁၇)ဦးသေဆုံးပြီး (၁၀)ဦး ဒဏ်ရာရကြောင်း   စက်တင်ဘာလ (၉)ရက်နေ့ ညပိုင်းတွင် AA က သသတင်းထုတ်ပြန်ထားသည်။ 

အဆိုပါ နေရာကို စစ်ကောင်စီတပ်က ၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ(၈)ရက်နေ့၏ ည ၆)နာရီ (၅၀) မိနစ် နှင့် (၅၅)မိနစ်တို့တွင် (၂)ကြိမ် လာရောက်ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။



သေဆုံးသွားသူများ ထဲတွင် စစ်ကောင်စီ၏ သုံ့ပန်းများထဲမှ ကျန်းမာရေးဆိုးဝါး၍ ဆေးကုသရန် လို အပ်နေသော အရာရှိကြီးတချို့၊ စစ်ကောင်စီ၏ သတင်းပေးများနှင့် AA ၏သတင်းများကို စစ်ကောင်စီထံ ပေးပို့နေသည်ဟုသော သံသယဖြင့် ဖမ်းဆီးစစ်ဆေးနေသူ တချို့၊ ပြစ်ဒဏ်ကျခံနေရသူ တချို့ ၊ ၎င်းအကျဉ်းစခန်း ထိန်းသိမ်းရေးတာဝန်ရှိသူတချို့ အပြင်AA ၏ ကျန်းမာရေးဝန်ထမ်းတချို့နှင့် ၎င်းအနီးပတ်ဝန်းကျင်ရှိ အရပ်သားပြည်သူ၊ ကလေးတချို့ ပါဝင်သွားကြောင်း သိရသည်။ 

၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ (၆) ရက်နေ့ကလည်း စစ်တွေမြို့ရှိ စစ်ကောင်စီ၏ အမှတ် (၁၂) ရဲတပ်ရင်းနှင့် ပွိုင့်ရေတပ်စခန်းတို့မှ ပေါက်တောမြို့အတွင်းသို့ လက်နက်ကြီးများဖြင့် ပစ်ခတ်ရာ အရပ်သားပြည်သူများ၏ နေအိမ်အချို့ပျက်စီးခဲ့သည်။ 

စစ်ကောင်စီသည် နိုင်ငံတဝန်း တော်လှန်ရေးတပ်များ ထိန်းချုပ်ထားသော မြို့ရွာများရှိ စာသင်ကျောင်း၊ ဆေးရုံ၊ ဆေးခန်း၊ ဘာသာရေးအဆောက်အအုံများ နှင့် ဈေးများ အစရှိသည့် နေရာများအား တိုက်လေယာဉ်များဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် အရပ်သားပြည်သူ ကလေးငယ်များ၊ ကိုယ်ဝန်ဆောင်မိခင်များနှင့် သက်ကြီးရွယ်အိုများမှာ အစုလိုက်အပြုံလိုက် သေ ဆုံးသော ဖြစ်စဉ်များ မြန်မာနိုင်ငံအနှံ့ နေ့စဉ်ရက်ဆက် ဖြစ်ပွားနေသည်။