ပြည်ပရောက် မြန်မာရွှေ့ပြောင်းအလုပ်သမားများ လစာ၏ ၂၅ ရာခိုင်နှုန်းကို ပြည်တွင်းသို့ ပြန်လည် လွှဲပြောင်းခြင်း မပြုလုပ်ပါက အရေးယူသွားမည်ဖြစ်ကြောင်း စစ်ကောင်စီ ကြေညာ

ပြည်ပရောက် မြန်မာရွှေ့ပြောင်းအလုပ်သမားများ လစာ၏ ၂၅ ရာခိုင်နှုန်းကို ပြည်တွင်းသို့ ပြန်လည် လွှဲပြောင်းခြင်း မပြုလုပ်ပါက အရေးယူသွားမည်ဖြစ်ကြောင်း စစ်ကောင်စီ ကြေညာ
စက်တင်ဘာ 6, 2024 | 2021 Military Coup| အခြားဒေသများ

ပြည်ပရောက် မြန်မာရွှေ့ပြောင်းအလုပ်သမားများအနေဖြင့် လုပ်ခလစာ၏ (၂၅) ရာခိုင်နှုန်းကို ပြည်တွင်းသို့ ပြန်လည်လွှဲပြောင်းပေးပို့ရန်နှင့် လွှဲပြောင်းခြင်းမရှိပါက စိစစ်အရေးယူသွားမည်ဖြစ်ကြောင်း စစ်ကောင်စီလက်အောက်ခံ အလုပ်သမားဝန်ကြီးဌာနမှ ထုတ်ပြန်ကြေညာသည်။

ပြည်ပနိုင်ငံများတွင် အလုပ်လုပ်နေသည့် အလုပ်သမားများသည် ပြည်ပနိုင်ငံတွင် မိမိတို့ ရရှိမည့် လုပ်ခလစာ၏ အနည်းဆုံး ၂၅ ရာခိုင်နှုန်းကို မိသားစုဝင်များထံ တရားဝင်ဘဏ်စနစ်ဖြင့်ဖြစ်စေ ၊ ဗဟိုဘဏ်မှ ခွင့်ပြုထုတ်ပေးထားသည့် Remittance Business License(RBL) ရရှိသူများနှင့်ဖြစ်စေ ၊ ဘဏ်စနစ်ဖြင့် ချိတ်ဆက်ထားသည့် နိုင်ငံတကာ ငွေလွှဲဝန်ဆောင်မှု လုပ်ငန်းများကဖြစ်စေ တစ်လလျှင် တစ်ကြိမ် လုပ်ခလစာ၏ ၂၅ ရာခိုင်နှုန်း (သို့) အများဆုံး (၃)လလျှင် တစ်ကြိမ် (၃) လစာ စုစုပေါင်း၏ အနည်းဆုံး (၂၅) ရာခိုင်နှုန်းကို မိသားစုဝင်များ (သို့) ပြည်တွင်းရှိ ကိုယ်ပိုင်ဘဏ်စာရင်းသို့ လွှဲပြောင်းပေးရမည်ဖြစ်ကြောင်း စစ်ကောင်စီက ကြေညာသည်။

မိသားစုဝင်များထံ တရားဝင်လွှဲပို့ထားသည့် မိသားစုလွှဲပို့ငွေများကို တည်ဆဲဥပဒေများဖြင့်အညီ ဝင်ငွေရလမ်းဖော်ပြနိုင်သည့် ငွေအဖြစ် ခံစားခွင့်ရရှိနိုင်ရေး တရားဝင်လွှဲပြောင်းပေးပို့ခဲ့သည့် အထောက်အထား စာရွက်စာတမ်းများကို သေချာစွာ သိမ်းဆည်းထားရမည်ဖြစ်ကြောင်း စစ်ကောင်စီက ကြေညာသည်။

ပြည်ပအလုပ်အကိုင် အကျိုးဆောင် လိုင်စင်ရ အေဂျင်စီများမှတဆင့် ပြည်ပနိုင်ငံများသို့ သွားရောက်လုပ်ကိုင်နေသည့် အလုပ်သမားများသည် အထက်ပါ နည်းလမ်းများအတိုင်း တရားဝင် ငွေလွှဲပေးပို့ခဲ့သည့် အထောက်အထားစာရွက်စာတမ်းများကို မိမိအား တာဝန်ယူစေလွှတ်ခဲ့သည့် အေဂျင်စီထံ မပျက်မကွက် မိတ္တူပေးပို့ရမည်ဖြစ်ကြောင်း စစ်ကောင်စီက ကြေညာသည်။

ပြည်ပအလုပ်အကိုင် အကျိုးဆောင် လိုင်စင်ရ အေဂျင်စီများသည် မိမိစေလွှတ်ခဲ့သည့် အလုပ်သမားများအား တရားဝင်ငွေလွဲပြောင်းပေးပို့ရာတွင် လိုအပ်သည်များအား ကူညီဆောင်ရွက်ပေးရမည့်အပြင် အလုပ်သမားမှ လစဉ်လွှဲပို့သည့် အထောက်အထားများကို အလုပ်သမားဝန်ကြီးဌာနသို့ လချုပ်အဖြစ် အထောက်အထားများ ပူးတွဲတင်ပြရမည်ဖြစ်ကြောင်း စစ်ကောင်စီက ကြေညာသည်။

ပြည်ပရောက် မြန်မာရွှေ့ပြောင်းအလုပ်သမားများအနေဖြင့် အထက်ပါ နည်းလမ်းများအတိုင်း မိသားစုဝင်များထံသို့ မိသားစုလွှဲပို့ငွေ လွှဲပြောင်းပေးပို့ရန် ပျက်ကွက်သည်ကို စိစစ်တွေ့ရှိရပါက ပြည်ပသို့ အလုပ်ဖြင့်ထွက်ခွာမှုကို ကာလအကန့်အသတ်ဖြင့် ပိတ်ပင်ခြင်း ၊ ပြည်ပအလုပ်အကိုင် အလုပ်သမားသက်သေခံကတ် (OWIC) ထုတ်ပေးမှု မပြုခြင်း ၊ နိုင်ငံကူးလက်မှတ် သက်တမ်းတိုးမြှင့်ခွင့်မပြုခြင်း စသည်တို့အပြင် လိုအပ်သလို စိစစ်အရေးယူသွားမည်ဖြစ်ကြောင်း စစ်ကောင်စီက ကြေညာသည်။

“အပြင်ပွဲစားနဲ့ဘဲ လွှဲတယ်၊ ငွေပေါက်ဈေး အမှန်ရလို့။ အေဂျင်စီက လာပြောတာမျိုးလည်း မရှိပါဘူး။ အခုထိတော့ မလွှဲသေးဘူး။ သိပ်လည်း စိတ်ထဲမရှိတော့ လွှဲရမယ်ဆို စုံစမ်းရဦးမယ်၊ မဖြစ်မနေဆိုမှ လွှဲမယ်။”ဟု ကိုရီးယားနိုင်ငံသို့ MOU စနစ်ဖြင့် သွားရောက်အလုပ်လုပ်ကိုင်နေသည့် ရွှေ့ပြောင်းအလုပ်သမားတစ်ဦးက Tachileik News Agency ကိုပြောသည်။

ပြည်ပရောက် မြန်မာရွှေ့ပြောင်းအလုပ်သမားများအနေဖြင့် မိသားစုဝင်များထံသို့ ငွေလွှဲပို့ရာတွင် မိသားစုငွေလွှဲပို့ငွေများကို တရားမဝင် ဟွန်ဒီလုပ်ငန်း လုပ်ကိုင်သူများကတဆင့် ငွေလွှဲပြောင်းပေးပို့ခြင်းမပြုလုပ်ရန်နှင့် တရားဝင်လမ်းကြောင်းများမှသာ လွှဲပြောင်းပေးပို့ကြရန် စစ်ကောင်စီလက်အောက်ခံ အလုပ်သမားဝန်ကြီးဌာနက ကြေညာထားသည်။

#TachileikNewsAgency