ခင်ဦးမြို့နယ်တွင် ပျူစောထီးရွာဝင်တိုက်ခံရသဖြင့် စစ်ကောင်စီတပ်က အနီးရှိ ကျေးရွာ ၆ ရွာကို စစ်ကြောင်းထိုး မီးရှို့

ခင်ဦးမြို့နယ်တွင် ပျူစောထီးရွာဝင်တိုက်ခံရသဖြင့် စစ်ကောင်စီတပ်က အနီးရှိ ကျေးရွာ ၆ ရွာကို စစ်ကြောင်းထိုး မီးရှို့
စက်တင်ဘာ 4, 2024 | 2021 Military Coup| အခြားဒေသများ

စစ်ကိုင်းတိုင်း ခင်ဦးမြို့နယ်ရှိ ပျူစောထီးစခန်း မဒေါင်းလှရွာကို တော်လှန်ရေးတပ်များက ဝင်ရောက်တိုက်ခိုက်ပြီးနောက် စစ်ကောင်စီတပ်များက စစ်ကြောင်းထိုးကာ အနီးရှိကျေးရွာ(၆)ရွာကို မီးရှို့ဖျက်ဆီးသဖြင့် ဒေသခံထောင်ချီ ထွက်ပြေးတိမ်းရှောင်နေရကြောင်း People's Defense Comrade ထံမှ သိရသည်။

မဒေါင်းလှရွာရှိ ပျူစောထီးစခန်းကို တော်လှန်ရေးတပ်များက ၂၀၂၄ခုနှစ် စက်တင်ဘာလ (၁၇)ရက်နေ့က စတင်ဝင်ရောက်တိုက်ခိုက်ခဲ့ရာက သင်္ကန်းဝတ် ဝါသဝ၏ ပျူစောထီးတပ်များနှင့် စစ်ကောင်စီတပ်များက စစ်ကူလာရောက်ကာ အနီးရှိ အင်ကြင်းပင်၊ စောကြီး၊ သနပ်စိန်၊ ဖန်းခါးကုန်း၊ ငကြိုင်းနှင့် ပေါက်တောရွာတို့ကို မီးရှို့ဖျက်ဆီးသွားသည်ဟု သိရသည်။

“စက်တင်ဘာလ (၁)ရက်နေ့က ကန့်ဘလူနယ်ထဲကနေ ခင်ဦးနယ် မဒေါင်းလှပျူရွာကို စစ်ကူပေးဖို့ အင်အား (၁၇၀)ပါ စစ်ကြောင်းဝင်ရောက်လာခဲ့တယ်။ အဲဒီစစ်ကြောင်းက စက်တင်ဘာလ (၂)ရက်နေ့ကစလို့ ခင်ဦးနယ် မြောက်ဘက်ခြမ်း မဒေါင်းလှရွာအရှေ့ဘက် ငကြိုင်းရွာကိုမီးရှို့ခဲ့တယ်။ စက်တင်ဘာ(၃)ရက်နေ့မှာ အင်ကြင်းပင် စောကြီး၊ သနပ်စိန်၊ ဖန်းခါးကုန်းရွာတွေကို ဆက်တိုက်မီးရှို့တယ်။ စက်တင်ဘာ(၃)ရက်နေ့ ဖန်းခါးကုန်းရွာကို နောက်ဆုံးမီးရှို့ထားခဲ့ပြီး ညနေပိုင်းမှာ မဒေါင်းလှပျူရွာထဲကို ပြန်ဝင်သွားတယ်။”ဟု People's Defense Comrade မှ ပြန်ကြားရေးတာဝန်ခံ ထူးခန့်ဇော်(အမေ့သား)က Tachileik News Agency ကိုပြောသည်။

ဩဂုတ်လ (၁၇)ရက်နေ့ကစတင်ကာ မဒေါင်းလှရွာ ပျူစောထီးစခန်းကို တော်လှန်ရေးတပ်များကတိုက်ခိုက်ခြင်းကြောင့် စစ်ကောင်စီတပ်၏ လေကြောင်းရန်နှင့် မြေပြင်စစ်ကြောင်းရန်ကြောင့် ငှက်ပျော၊ သရက်ကန်၊ ပေကုန်း၊ စည်ပုတ္တရာ၊ ဂျပို၊ ပေါက်သင့်တုံ၊ စောကြီး၊ ပေါက်တော၊ တဲကြီး၊ ဖန်းခါးကုန်း၊ အင်ကြင်းပင်၊ သနပ်စိန်၊ ငကြိုင်း၊ ရွှေကာ၊ မဒေါင်းကြီး၊ ငါးရုံကြီး၊ ရှားတော၊ ဆီဆုံလေး၊ နှဲတွင်း စသည့်ကျေးရွာပေါင်း (၁၅)ရွာကျော်ခန့်မှ ဒေသခံ ထောင်ချီ ယနေ့အထိ တိမ်းရှောင်နေကြရသည်ဟု သိရသည်။

“ဒီနေ့ စက်တင်ဘာလ (၄)ရက်နေ့မနက်မှာလည်း မဒေါင်းလှပျူရွာကနေ ထပ်ထွက်လာပြီး ပေါက်တောရွာကို မီးထပ်ရှို့ပြီး မဒေါင်းလှရွာကိုပြန်ဝင်သွားတယ်။ (၃)ရက်အတွင်း (၆)ရွာ မီးရှို့ဖျက်ဆီးထားတယ်။ လက်ရှိ မီးရှို့ခံထားရတဲ့ကျေးရွာ(၆)ရွာက နေအိမ်ဘယ်လောက်ဆုံးရှုံးထားတယ်ဆိုတာ အတည်မပြုနိုင်သေးဘူး။ မဒေါင်းလှပျူရွာနဲ့ အနီးကပ်ရှိတဲ့ ရွာတွေကိုရှို့ထားတာပါ။”ဟု ၎င်းကဆက်ပြောသည်။

မဒေါင်းလှရွာ ပျူစောထီးစခန်းကို တော်လှန်ရေးတပ်များက ဝင်ရောက်တိုက်ခိုက်ခြင်းကြောင့် စစ်ကောင်စီတပ်သည် လေကြောင်းမှ တိုက်ပွဲဖြစ်ပွားခြင်းမရှိသည့် ရွာများအား သြဂုတ်လ (၁၈)ရက်နေ့မှ (၃၁)ရက်နေ့အထိ Mi-35၊ Y-12၊ ဂျက်ဖိုက်တာလေယာဉ်များဖြင့် ဆက်တိုက်ဗုံးကြဲခဲ့ရာ စစ်ရှောင်ပြည်သူ တစ်ဦးသေဆုံးပြီး (၁၀)ဦးကျော် ဒဏ်ရာရခဲ့ကြောင်း သိရသည်။

မဒေါင်းလှရွာပျူစောထီးစခန်းသည် သင်္ကန်းဝတ် ဝါသဝ၏ လက်အောက်ခံရွာကြီးဖြစ်ပြီး ခင်ဦး၊ ဇီးကုန်း၊ ကန့်ဘလူလမ်းမပေါ်၌ရှိပြီး လက်ရှိတွင် စစ်ကြောင်းထိုးမီးရှို့နေသည့် စစ်ကောင်စီတပ်များသည် မဒေါင်းလှရွာ၌ တပ်စွဲထားကြောင်း သိရသည်။

တိုက်ပွဲဖြစ်ပွားခြင်းမရှိသည့် ရွာများကို စစ်ကောင်စီတပ်၏ လေကြောင်းတိုက်ခိုက်မှုများကြောင့် တော်လှန်ရေးတပ်များသည် မဒေါင်းလှရွာ ပျူစောထီးစခန်းအားတိုက်ခိုက်မှုမှ ခေတ္တပြန်ဆုတ်ခွာခဲ့ကြရပြီး တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဘက်က သေဆုံးသူများကာ တော်လှန်ရေးရဲဘော်တချို့လည်း ထိခိုက်ကျဆုံးမှုရှိခဲ့သည်ဟု သိရသည်။

#TachileikNewsAgency

Photo: ထူးခန့်ဇော်(အမေ့သား)