ပခုက္ကူမြို့နယ် ကမ္မစက်ရုံရဲကင်းစခန်းမှ စစ်ကောင်စီတပ်ဖွဲ့ဝင်များ ဒရုန်းဖြင့် လေးရက်ဆက် တိုက်ခိုက်ခံရပြီးနောက် စခန်းမှ ဆုတ်ခွာသွား

ပခုက္ကူမြို့နယ် ကမ္မစက်ရုံရဲကင်းစခန်းမှ စစ်ကောင်စီတပ်ဖွဲ့ဝင်များ ဒရုန်းဖြင့် လေးရက်ဆက် တိုက်ခိုက်ခံရပြီးနောက် စခန်းမှ ဆုတ်ခွာသွား
စက်တင်ဘာ 4, 2024 | 2021 Military Coup| အခြားဒေသများ

မကွေးတိုင်း ပခုက္ကူခရိုင် ပခုက္ကူမြို့နယ်အတွင်းရှိ ကမ္မစက်ရုံရဲကင်းစခန်းမှ စစ်ကောင်စီတပ်ဖွဲ့ဝင်များ ဒရုန်းဖြင့် လေးရက်ဆက် ဖိအားပေးတိုက်ခိုက်ခံရပြီးနောက် စခန်းမှ ဆုတ်ခွာသွားကြောင်း ကမ္မဒေသတော်လှန်ရေးတပ်ပေါင်းစု (K.R.R.C) ထံမှ သိရသည်။

ကမ္မစက်ရုံရဲကင်းစခန်းအား တော်လှန်ရေးအင်အားစုများက ၂၀၂၄ ခုနှစ် သြဂုတ်လ (၃၁) ရက်နေ့မှ စတင်ပြီး (၄)ရက်ကြာ ဒရုန်းဖြင့် ဗုံးသီးပစ်ချ တိုက်ခိုက်ခြင်းများလုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

(၄) ရက်ကြာ နေ့ညမနား ဖိအားပေး တိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီတပ်ဖွဲ့ဝင်များ စိတ်ဓာတ်ပျက်ပြားကာ စက်တင်ဘာလ (၄) ရက်နေ့ နံနက်အစောပိုင်းတွင် ရဲကင်းစခန်းမှ ဆုတ်ခွာသွားခဲ့ကြောင်း ကမ္မဒေသတော်လှန်ရေးတပ်ပေါင်းစု (K.R.R.C) က ဆိုသည်။

အဆိုပါ ဒရုန်းတိုက်ခိုက်မှုအား ကမ္မတပ်ပေါင်းစု၏ Droneအဖွဲ့များ၊ မြိုင်မြို့နယ် ပကဖ ၏ Droneအဖွဲ့များ ၊ ပေါက်မြို့နယ် ပကဖ ၏ Drone အဖွဲ့များ၊  မကွေးတိုင်း Drone Team နှင့် မဟာမိတ်တော်လှန်ရေးအဖွဲ့များ ဟန်ချက်ညီစွာ ပူးပေါင်းဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ကမ္မတပ်ပေါင်းစုသည် ပခုက္ကူမြို့နယ် နယ်မြေ(၂) ကမ္မဒေသ ပကဖ အနေဖြင့် ပခုက္ကူခရိုင်တွင်း ကျန်ရှိသည့် စစ်ရေးပစ်မှတ်များဖြစ်သည့် စစ်ကောင်စီစခန်းများကို မဟာမိတ်တော်လှန်ရေးအဖွဲ့များ၊ တပ်ရင်းတပ်ဖွဲ့များနှင့်အတူလက်တွဲ၍  ဆက်လက်တိုက်ခိုက်သွားမည်ဖြစ်ကြောင်း အသိပေးထားသည်။

#TachileikNewsAgency

Photo: ကမ္မဒေသတော်လှန်ရေးတပ်ပေါင်းစု (K.R.R.C)