ကိုးကန့်ဒေသတွင် ပုဂ္ဂလိကဆေးရုံ၊ ဆေးဆိုင်နှင့် ဆေးခန်းများအား ဖွင့်လှစ်ခွင့်တားမြစ်

ကိုးကန့်ဒေသတွင် ပုဂ္ဂလိကဆေးရုံ၊ ဆေးဆိုင်နှင့် ဆေးခန်းများအား ဖွင့်လှစ်ခွင့်တားမြစ်

ရှမ်းပြည်နယ်မြောက်ပိုင်း အထူးဒေသ(၁) ကိုးကန့်ဒေသအတွင်း ပုဂ္ဂလိကဆေးရုံ၊ ဆေးဆိုင်နှင့် ဆေးခန်းများအား ၂၀၂၄ ခုနှစ် ဇွန်လ (၁)ရက်နေ့ကစတင်ကာ ဖ္ငင့်လှစ်ခွင့်တားမြစ်လိုက်ကြောင်း အထူးဒေသ(၁) ကျန်းမာရေးဌာနက ထုတ်ပြန်သည်။

ဒေသတွင်း ဆေးဘက်ဆိုင်ရာလုပ်ငန်းများ၏ စီမံခန့်ခွဲမှုကို အားကောင်းစေရန်နှင့် အမြတ်အစွန်းအတွက်မဟုတ်ဘဲ ပြည်သူများကို အဓိကထား ဝန်ဆောင်မှုပေးရန်အတွက် ဒေသတွင်းဆေးဘက်ဆိုင်ရာ လုပ်ငန်းလျောက်လွှာများနှင့် လုပ်ထုံးလုပ်နည်းများကို အသိပေးထုတ်ပြန်လာခြင်းဖြစ်သည်။

အသိပေးထုတ်ပြန်ချက်တွင် အထူးဒေသအတွင်း ဆက်လက်ဖွင့်လှစ်လိုသည့် မူလဆေးရုံ၊ ဆေးဆိုင်နှင့် ဆေးခန်းများ၏ လုပ်ငန်းလိုင်စင်များကို အမှတ်(၁) ပြည်သူ့ဆေးရုံ၌ နံနက်(၈)နာရီမှ (၁၁)နာရီအထိ၊ နေ့လယ်(၂)နာရီမှ (၅)နာရီအထိ ဖွင့်လှစ်လုပ်ကိုင်ပေးသွားမည်ဟု သိရသည်။

ဆေးလိုင်စင်စည်းကမ်းချက်များအနေဖြင့် ဆေးသိုလှောင်ရာနေရာနှင့် ဆေးဝါးထားရှိရာနေရာများကို စနစ်တကျထားရန်၊ ဆေးဝါးကို သတ်မှတ်ထားသော အပူရှိန်အလိုက်ထားရန်၊ သက်တမ်းလွန်ဆေးဝါးများ တရားမဝင်ဆေးဝါးများကို ရောင်းချခြင်းမပြု၊ မှတ်ပုံတင်ထားသော ဆေးဝါးများကိုသာ ရောင်းချရမည်ဟု ပါရှိသည်။

ထို့အပြင် ယခုလိုင်စင်ဖြင့် ထိန်းချုပ်ဆေးဝါးများကို ရောင်းချခွင့်မပြု၊ ထိန်းချုပ်ဆေးဝါးများရောင်းချပါက ထိန်းချုပ်ဆေးဝါးရောင်းချခွင့်လိုင်စင် လျှောက်ထားရမည်ဖြစ်ပြီး ရရှိထားသောလိုင်စင်ကို အခြားသူတစ်ဦးဦးအား လွှဲပြောင်းခြင်း၊ ငှားရမ်းခြင်းအား သက်ဆိုင်ရာ လိုင်စင်ထုတ်ပေးခွင့်ရှိသော ပုဂ္ဂလိက ကျန်းမာရေးလုပ်ငန်းဆိုင်ရာ ကြီးကြပ်ရေးကော်မတီ၏ ခွင့်ပြုချက်မရရှိဘဲ မပြုလုပ်ရဟု ပါရှိသည်။

ပုဂ္ဂလိကလုပ်ငန်းလိုင်စင်ကို အကြောင်းပြု၍ ယခုလုပ်ငန်းလိုင်စင်အရ ခွင့်ပြုထားသော လုပ်ငန်းလုပ်ကိုင်သည့် နေရာတွင် တရားမဝင်ကိစ္စရပ်များလုပ်ကိုင်ခြင်း၊ အခြားလုပ်ငန်းတရပ်ရပ်ကို ခွင့်ပြုချက်(သို့မဟုတ်)လိုင်စင်မရှိဘဲ လုပ်ကိုင်ခွင့်မပြုရဟု ဆိုသည်။

ဆေးဝါးရောင်းချခြင်းနှင့်ပတ်သက်၍ ဆေးအသုံးပြုသူတွင် တစုံတရာ အန္တရာယ်ဖြစ်စေကြောင်း အသုံးပြုသူ (သို့) နစ်နာသူမှ တိုင်ကြားလာပါက အထူးဒေသ(၁) ကျန်းမာရေးဌာနမှ စုံစမ်းစစ်ဆေးခြင်းကို ခံယူရမည်ဟု ထုတ်ပြန်ထားသည်။

#TachileikNewsAgency