ငလျင်ဒဏ်ကြောင့် ဝမ်းနည်းခြင်း အထိမ်းအမှတ်အဖြစ် ဧပြီလ(၁)ရက်နေ့တွင် ဥဩဆွဲ အလေးပြုမည်ဟု စစ်ကောင်စီ ထုတ်ပြန်

ငလျင်ဒဏ်ကြောင့် ဝမ်းနည်းခြင်း အထိမ်းအမှတ်အဖြစ် ဧပြီလ(၁)ရက်နေ့တွင် ဥဩဆွဲ အလေးပြုမည်ဟု စစ်ကောင်စီ ထုတ်ပြန်

 ၂၀၂၅ ခုနှစ် မတ်လ (၂၈)ရက်နေ့က အင်အားပြင်း ငလျင်လှုပ်ခတ်ခဲ့ခြင်းကြောင့် အသက်ဆုံးရှုံးမှုများနှင့် ပျက်စီး ဆုံးရှုံးခဲ့ရမှုများအတွက် ဧပြီလ(၁)ရက်နေ့ နေ့လယ်(၁၂)နာရီ (၅၁)မိနစ် (၀၂)စက္ကန့်တွင် ဥဩဆွဲ၍ ဂါဝရပြုမည်ဟု စစ်ကောင်စီက ထုတ်ပြန်သည်။

ဧပြီလ(၁)ရက်နေ့ နေ့လယ်(၁၂)နာရီ (၅၁)မိနစ် (၀၂)စက္ကန့်တွင် ဝမ်းနည်းခြင်း အထိမ်းအမှတ်အဖြစ် တစ်မိနစ်ငြိမ်သက်၍ ဦးညွတ်ဂါဝရပြုမည်ဖြစ်၍ လှုပ်ရှားသွားလာသူများ တစ်မိနစ်ငြိမ်သက်စွာ ရပ်တန့်၍ ဦးညွတ်ဂါဝရပြုရန် ထုတ်ပြန်ထားသည်။

၂၀၂၅ခုနှစ် မတ်လ(၃၁)ရက်နေ့ မှ ဧပြီလ(၆)နေ့အထိ နိုင်ငံတော်အဆင့် ဝမ်းနည်းခြင်း အထိမ်းအမှတ်နေ့အဖြစ် (၇)ရက် စစ်ကောင်စီက သတ်မှတ်လိုက်ခြင်းဖြစ်ည်။

သတ်မှတ်ထားသည့် (၇)ရက်အတွင်း နိုင်ငံတော်အလံအား တိုင်ဝက်လျှော့ချ၍ လွှင့်ထူထားရမည်ဟုလည်း သတ်မှတ်ထားသည်။

ငလျင်ဒဏ်ကြောင့် ပိတ်မိနေသူများအား အသက်ရှင်လျက် ကယ်ဆယ်နိုင်ရန် အခွင့်အလမ်းအများဆုံးဖြစ်သည့်  (၇၂)နာရီပြည့်သွားသည့် ၂၀၂၅ ခုနှစ် မတ်လ (၃၁)ရက်နေ့အထိ ရှာဖွေကယ်ဆယ်ရေးအတွက် လူအင်အား၊ နည်းပညာ၊ ပံ့ပိုးမှု လုံလုံလောက်လောက်ရရှိခြင်းမရှိသေးသည်ကို တွေ့နေရသည်။

ယင်းအပြင် ငလျင်လှုပ်ပြီး (၄)ရက်မြောက်နေ့အထိ ငလျင်ဒဏ်သင့် ပြည်သူများအတွက် အကူအညီများ ပေးနိုင်ခြင်းမရှိသည့်အပြင် ဖုန်းလိုင်း၊ အင်တာနက်လိုင်း ခက်ခဲခြင်း၊ လျှပ်စစ်မီးပြတ်တောက်ခြင်း၊ ရေပြတ်တောက်ခြင်းအပါအဝင် အခက်အခဲပေါင်းစုံကို အကူအညီမရဘဲ လမ်းဘေးတွင် နေထိုင်နေရဆဲဖြစ်သည်။