တောင်ခမ်းရွာတိုက်ပွဲဆက်လက်ပြင်းထန်နေပြီး စစ်ကောင်စီတပ်ကပစ်ခတ်သည့် လက်နက်ကြီးကျည်များ ပဲပုပ်ရွာအတွင်းကျကာ ဒေသခံများထိခိုက်ပြီး နေအိမ်များပျက်စီး

တောင်ခမ်းရွာတိုက်ပွဲဆက်လက်ပြင်းထန်နေပြီး စစ်ကောင်စီတပ်ကပစ်ခတ်သည့် လက်နက်ကြီးကျည်များ ပဲပုပ်ရွာအတွင်းကျကာ ဒေသခံများထိခိုက်ပြီး နေအိမ်များပျက်စီး
စက်တင်ဘာ 4, 2024 | 2021 Military Coup| ရှမ်းမြောက်

ရှမ်းပြည်နယ်မြောက်ပိုင်း နောင်ချိုမြို့နယ် တောင်ခမ်းရွာတိုက်ပွဲပြင်းထန်နေပြီး စစ်ကောင်စီတပ်က ပစ်ခတ်သည့်လက်နက်ကြီးကျည်များ ပဲပုပ်ရွာကိုကျကာ ဒေသခံများထိခိုက်သေဆုံးသူရှိသည့်အပြင် နေအိမ်များလည်း ပျက်စီးသွားကြောင်း ဒေသခံများထံမှ သိရသည်။

ပြင်ဦးလွင်ရှိ စစ်ကောင်စီတပ်က ပစ်ခတ်သည့် လက်နက်ကြီးကျည်များသည် ၂၀၂၄ခုနှစ် စက်တင်ဘာလ (၃)ရက်နေ့ ညနေပိုင်းက ပဲပုပ်ရွာအတွင်းသို့ကျကာ နေအိမ်များပျက်စီးပြီး ဒေသခံတချို့ ထိခိုက်ဒဏ်ရာရခဲ့ပြီး ယနေ့နံနက်ပိုင်းတွင်လည်း လေကြောင်းမှ လာရောက်ဗုံးကြဲသည်ဟု သိရသည်။

“လက်နက်ကြီးတွေက ထပ်ပစ်နေဆဲပဲ။ ပဲပုပ်ရွာအိမ်တွေကျတယ်၊ တဲတွေဆီကိုကျတယ်။ မနေ့က ညနေပိုင်း ကျတဲ့လက်နက်ကြီးကြောင့် နေအိမ်တွေပျက်သွားတယ်။ အဆောက်အဦးထိတယ်။ အဲဒီနားမှာ ဒေသခံ(၃)ဦးရှိနေတာ စကားပြောနေတုန်း လေယာဉ်လာကြဲချသွားတယ်။ အသေးစိတ်ကိုတော့ မသိရသေးဘူး။ ဒီနေ့မနက်ပိုင်းလည်း လေယာဉ်နဲ့ ဗုံးလာကြဲတယ်။ နေ့ခင်းဘက်မှာ လက်နက်ကြီးကျတယ်။ ပဲပုပ်ရွာက အတော်ထိတယ်။”ဟု ဒေသခံတစ်ဦးက Tachileik News Agency ကို ပြောသည်။

ဒေသခံများထိခိုက်သေဆုံးသူအရေအတွက်ကို ဒေသခံများလည်း ထွက်ပြေးတိမ်းရှောင်နေကြရသဖြင့် အတိအကျ မသိနိုင်ဟုလည်း ဆိုသည်။

တောင်ခမ်းကျေးရွာရှိ စစ်ကောင်စီ (၉၀၂)တပ်စခန်း၊ (၄၀၆)တပ်စခန်းနှင့် (၂၀၆)တပ်စခန်းတို့တွင် TNLAနှင့် စစ်ကောင်စီတပ်တို့အကြား တိုက်ပွဲပြင်းထန်နေခြင်းဖြစ်ပြီး စစ်ကောင်စီတပ်ဘက်က Y-12၊ ဂျက်ဖိုက်တာနှင့် လက်နက်ကြီးများဖြင့် တိုက်ခိုက်နေခြင်းဖြစ်သည်။

“ဒီနေ့ နေ့လယ်ပိုင်းအထိ တိုက်ပွဲပြင်းထန်နေဆဲပဲ။ အခြေအနေကောင်းတယ်။”ဟု စစ်ရေးသတင်းအရင်းအမြစ်က ပြောသည်။

ယမန်နေ့ကလည်း စစ်ကောင်စီတပ်သည် လက်နက်ကြီး၊ လေကြောင်းတို့ဖြင့် ကျေးရွာများ၊ စာသင်ကျောင်းနှင့် ဘုန်းကြီးကျောင်းများကို ပစ်မှတ်ထားတိုက်ခိုက်ခြင်းကြောင့် ပဲပုပ်ရွာကိုကျကာ ကိုရင်ငယ်(၄)ပါး ခြေထောက်ကျိုးဒဏ်ရာရပြီး ကိုရင်အပါး(၇၀)ခန့်နှင့် ဒေသခံများ ရွာလုံးကျွတ် တိမ်းရှောင်နေကြရသည်။ 

TNLA နှင့် စစ်ကောင်စီတပ်တို့သည် မကျီး၊ တောင်ရှည်၊ တောင်ခမ်းရွာတို့တွင် တိုက်ပွဲများဖြစ်ပွားပြီး ဒေသခံများ စစ်ဘေးရှောင်ကြရာ စစ်ရှောင်နေသည့် ပဲပုပ်၊ အင်းဖိုရွာများအထိ လက်နက်ကြီးများကျရောက်ပေါက်ကွဲခြင်းကြောင့် ဘုန်းကြီးကျောင်း၊ စာသင်ကျောင်းနှင့် လူနေအိမ်များပျက်စီးသွားကြောင်း သိရသည်။

စစ်ကောင်စီတပ်၏ လေယာဉ်၊ လက်နက်ကြီးပစ်ခတ်မှုကြောင့် ပဲပုတ်၊ တောင်လှ၊ အင်းဖို၊ ယာပြင်မှ စုစုပေါင်း စစ်ရှောင် (၅၀၀)ခန့် ဘေးလွတ်ရာသို့ ထွက်ပြေးနေကြရသည်ဟုလည်း သိရသည်။

#TachileikNewsAgency

Photo: CJ