ပြည်သူ့လုံခြုံရေးအဖွဲ့ဖြင့် အဆင့်ဆင့်သတင်းပေးသည့်စနစ်ဖော်ဆောင်ရန် စစ်ခေါင်းဆောင်ပြောဆို

ပြည်သူ့လုံခြုံရေးအဖွဲ့ဖြင့် အဆင့်ဆင့်သတင်းပေးသည့်စနစ်ဖော်ဆောင်ရန် စစ်ခေါင်းဆောင်ပြောဆို
စက်တင်ဘာ 4, 2024 | 2021 Military Coup| ရှမ်းတောင်

ပြည်သူ့လုံခြုံရေးအဖွဲ့ဖြင့် အဆင့်အဆင့်သတင်းပေးသည့်စနစ်ကို ဖော်ဆောင်ရန် အာဏာသိမ်းစစ်ခေါင်းဆောင်က ၂၀၂၄ခုနှစ် စက်တင်ဘာလ (၃)ရက်နေ့တွင် စစ်ကောင်စီ၏ ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ပြည်နယ်နှင့် ခရိုင်အဆင့်ဌာန ဆိုင်ရာများနှင့်တွေ့ဆုံစဉ် ပြောဆိုသည်။

လုံခြုံရေးနှင့်ပတ်သက်၍ ဒေသအတွက်ကောင်းရာကောင်းကျိုးဆောင်ရွက်မည့်သူများ၊ ရဲတပ်ဖွဲ့ဝင်များ၊ အုပ်ချုပ်ရေးအဖွဲ့များပူးပေါင်း၍ ပြည်သူ့လုံခြုံရေးစနစ်ကို ဆောင်ရွက်သွားရမည်ဖြစ်ကာ အဆင့်ဆင့်သတင်းပေးသည့်စနစ်ကို ဖော်ဆောင်ခြင်းအားဖြင့် ရပ်ကွက်အလိုက်၊ ကျေးရွာအလိုက် တည်ငြိမ်အေးချမ်းမှုကို တည်ဆောက်နိုင်မည်ဖြစ်သည်ဟု ဆိုသည်။

ပြည်သူများတစ်ဦးချင်းနှင့် သက်ဆိုင်ရာလုံခြုံရေးတာဝန်ရှိသူများ လုံခြုံရေးအသိတရားဖြင့် ပူးပေါင်းဆောင်ရွက်သွားမည်ဆိုပါက လုံခြုံရေးအတွက် များစွာအထောက်အကူပြုမည်ဖြစ်ကာ ထိုသို့ဆောင်ရွက်ခြင်းသည် နိုင်ငံကောင်းအောင် ဆောင်ရွက်ခြင်းပင်ဖြစ်သည်ဟုလည်း စစ်ခေါင်းဆောင်က ဆိုသည်။

Non CDM ဝန်ထမ်းများကိုလည်း ပေးအပ်ထားသည့် တာဝန်များထမ်းဆောင်ရာတွင် ချမှတ်ထားသည့် ကျင့်ဝတ်၊ စည်းကမ်းများကိုလိုက်နာပြီး နိုင်ငံတော်အပေါ် သစ္စာရှိစွာဖြင့် တာဝန်ထမ်းဆောင်ရန်လိုသည်ဟုလည်း စစ်ခေါင်းဆောင်က ပြောသည်။

စစ်ကောင်စီ၏ ပြည်သူ့လုံခြုံရေးအဖွဲ့များကို နိုင်ငံတစ်ဝှမ်းရှိ ရပ်ကွက်နှင့် ကျေးရွာများတွင် လုံခြုံရေး အကြောင်းပြချက်ဖြင့် ပြီးခဲ့သည့် ဩဂုတ်လ (၁၆)ရက်နေ့က စတင်ဖွဲ့စည်းနေပြီဖြစ်သည်။

၎င်းအဖွဲ့အစည်းကို အသက် (၃၅)နှစ်မှ (၆၅) နှစ်အထိ အကျုံးဝင်သူများအားလုံးပါဝင်ရမည်ဟု စစ်ကောင်စီက ပြောဆိုထားသော်လည်း လက်ရှိတွင် အများစုမှာ စစ်တပ်ထောက်ခံသူများဖြစ်သည်ဟု Tachileik News Agency က စုံစမ်းသိရှိရသည်။

 

ထို့အပြင် စစ်ခေါင်းဆောင်က စစ်ကောင်စီတပ်အနေဖြင့် နိုင်ငံတော်၏ အချုပ်အခြာအာဏာကို မဖြစ်မနေ ကာကွယ်စောင့်ရှောက်သွားမည်ဖြစ်ပြီး လက်နက်ကိုင်များ၏သတင်းရရှိမှုနှင့် အခြေအနေအရပ်ရပ်အပေါ်မူတည်၍ လိုအပ်သလို တုန့်ပြန်ဆောင်ရွက်သွားမည်ဟုလည်း ဆိုသည်။

#TachileikNewsAgency