စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုကြောင့် ရှမ်းမြောက်ဒေသတွင် အရပ်သား ထိခိုက်သေဆုံးမှု မြင့်တက်လာ

စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုကြောင့် ရှမ်းမြောက်ဒေသတွင် အရပ်သား ထိခိုက်သေဆုံးမှု မြင့်တက်လာ

ရှမ်းပြည်နယ်မြောက်ပိုင်းတွင် စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုကြောင့် တစ်လကျော်အတွင်း အရပ်သား (၅၀)ကျော်သေဆုံးကာ ရာနှင့်ချီ ဒဏ်ရာရပြိး ဘာသာရေး၊ ပညာရေးအဆောက်အဦးများအပါအဝင် အဆောက်အဦးပေါင်း (၄၅၀)ကျော် ပျက်စီးဆုံးရှုံးကြောင်း Shan Human Rights Foundation က ထုတ်ပြန်သည်။

ယင်းကာလအတွင်း စစ်ကောင်စီ၏ တိုက်ခိုက်မှုများတွင် ဘုန်းတော်ကြီးကျောင်း၊ စာသင်ကျောင်း၊ ဆေးရုံများကိုပါ ထိခိုက်ခဲ့သည့်အပြင်  တရုတ်ရေနံနှင့် သဘာ၀ဓာတ်ငွေ့ပိုက်လိုင်းနှင့်အလွန်နီးကပ်သည့်ပစ်မှတ်များကိုပါ လေကြောင်းမှ (၃)ကြိမ်၊ လက်နက်ကြီး (၅)လုံးတို့ဖြင့် တိုက်ခိုက်ခဲ့ကြောင်းလည်း သိရသည်။

ရှမ်းပြည်မြောက်ပိုင်း သီပေါ၊ ကျောက်မဲ၊ နောင်ချို၊ နမ့်ခမ်း၊ လားရှိုးနှင့် မိုင်းရယ်မြို့တို့တွင် ၂၀၂၄ ခုနှစ်၊ သြဂုတ်လ (၂၆)ရက်နေ့မှ အောက်တိုဘာလ (၆) ရက်နေ့အထိကာလအတွင်း  စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုနှင့် လက်နက်ကြီးပစ်ခတ်မှုများကြောင့် သေဆုံး၊ထိခိုက်၊ ပျက်စီးမှုအခြေအနေများကို အရပ်ဖက်အဖွဲ့အစည်းဖြစ်သည့် Shan Human Rights Foundation က စာရင်းပြုစုထားသည့် မှတ်တမ်းများကို ထုတ်ပြန်ထားခြင်းဖြစ်သည်။

အဆိုပါ မှတ်တမ်းများအရ ယင်းကာလများအတွင်း စစ်ကောင်စီ၏ တိုက်ခိုက်မှုကြောင့် အရပ်သား (၅၅)ဦး သေဆုံးကာ (၁၃၉)ဦး ဒဏ်ရာရရှိခဲ့ပြီး စာသင်ကျောင်းများ၊ ဘုရားစေတီများ၊ ဟိုတယ်များ၊ တက္ကသိုလ်များ အပါအဝင် အဆောက်အဦး (၄၅၀)ကျော် ပျက်စီးဆုံးရှုံးခဲ့ရသည်ဟု သိရသည်။

ယင်းသေဆုံး၊ ထိခိုက်၊ ပျက်စီးဆုံးရှုံးမှုအများစုသည် စစ်ကောင်စီနှင့် တော်လှန်ရေးတပ်ဖွဲ့များကြား တိုက်ပွဲဖြစ်ပွားနေရာများ မဟုတ်ဘဲ စစ်ကောင်စီက ၎င်းတို့မထိန်းချုပ်နိုင်သည့် ဒေသများကို လေကြောင်းမှ တိုက်ခိုက်မှုများကြောင့် ဖြစ်ရသည် Shan Human Rights Foundation က ထုတ်ပြန်သည်။

စစ်ကောင်စီသည် ၎င်းတို့ မထိန်းချုပ်နိုင်တော့သည့် ဒေသများရှိ အရပ်သားနေရာများကို လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခြင်းများအပြင် လူနေရပ်ကွက်၊ ကျေးရွာများအား လက်နက်ကြီးများဖြင့် ပစ်ခတ်ခြင်းများကိုပါ လုပ်နေကြောင်း သိရသည်။

စစ်ကောင်စီသည် ရှမ်းပြည်နယ်မြောက်ပိုင်း တော်လှန်ရေးအဖွဲ့များ၏ ၁၀၂၇ စစ်ဆင်ရေးနှစ်ကြိမ်အတွင်း နယ်မြေအများအပြားကို လက်လွှတ်ဆုံးရှုံးခဲ့ရပြီးနောက် အဆိုပါဒေသများအား လေကြောင်းမှ အရှိန်မြှင့်တိုက်ခိုက်နေခြင်းဖြစ်သည်။



#TachileikNewsAgency