ရခိုင်ဒေသအတွင်း အကြမ်းဖက်တိုက်ဖျက်ရန် နိုင်ငံတကာအဖွဲ့အစည်းများကို AA ဖိတ်ခေါ်

ရခိုင်ဒေသအတွင်း အကြမ်းဖက်တိုက်ဖျက်ရန် နိုင်ငံတကာအဖွဲ့အစည်းများကို AA ဖိတ်ခေါ်

ရခိုင်ဒေသတွင် နိုင်ငံတကာ အကြမ်းဖက်နှိမ်နင်းရေးအဖွဲ့များနှင့် အတူလက်တွဲပြီး အကြမ်းဖက်တိုက်ဖျက်ရေးလုပ်ငန်းများတွင် လက်တွဲလုပ်ဆောင်ရန် အသင့်ရှိကြောင်း အာရက္ခတပ်တော်(AA)က ယနေ့ ၂၀၂၄ ခုနှစ် မေလ(၂၀)ရက်နေ့တွင် သတင်းထုတ်ပြန်သည်။

စစ်ကောင်စီသည် ရခိုင်ပြည်နယ်အတွင်း RSO၊ ARSAနှင့် ARA အကြမ်းဖက်အဖွဲ့အစည်းများနှင့် ပူးပေါင်းကာ လူ‌မျိုးရေး၊ ဘာသာရေး အဓိကရုဏ်းဖြစ်ပွားစေရန် အရှိန်အဟုန်မြင့်ကာ နည်းလမ်းပေါင်းစုံဖြင့် လုပ်ကိုင်နေကြောင်း အာရက္ခတပ်တပ်တော်(AA)က ထုတ်ပြန်သည်။

စစ်ရှုံးနေသည့် စစ်ကောင်စီသည် ရခိုင်ပြည်နယ်အတွင်း အရပ်ဖက်ဆိုင်ရာ အဆောက်အများအား မီးရှို့ဖျက်ဆီးခြင်း၊ တံတားများချိုးခြင်း၊ ရပ်ရွာ၊ မြို့များနှင့် ဈေးများကို ‌လက်နက်ကြီးနှင့်ပစ်ခြင်း၊ လေကြောင်းမှ ဗုံးကြဲခြင်းများ လုပ်ဆောင်နေသည်ဟု ဆိုသည်။

ထို့အပြင် ဘူးသီးတောင်၊ မောင်တော၊ ကျောက်ဖြူနှင့် စစ်တွေမြို့များတွင်လည်း RSO၊ ARSA၊ ARA နှင့် မူဆလင်လူငယ်များကို စစ်သင်တန်းပေးကာ လက်နက်ကိုင်ခိုင်းခြင်း၊ တိုက်ပွဲအတွင်း အသုံးပြုခြင်းနှင့်  RSO၊ ARSA၊ ARA အကြမ်းဖက်အဖွဲ့အစည်းများနှင့် ပူးပေါင်းကာ လူ‌မျိုးရေး၊ ဘာသာရေး အဓိကရုဏ်းဖြစ်ပွားစေရန် အရှိန်အဟုန်မြင့်ကာ နည်းလမ်းပေါင်းစုံဖြင့် လုပ်ကိုင်နေသည်ဟု ထုတ်ပြန်ထားသည်။

စစ်ကောင်စီသည် ၎င်းတို့သင်တန်းပေးထားသော စစ်သွေးကြွ ဘင်္ဂလီများနှင့်အတူ ဘူးသီးတောင်မြို့ထဲရှိ ရခိုင်၊ ဟိန္ဒူနှင့် မူဆလင်မျိုးမဟုတ်သူများ၏ ပိုင်ဆိုင်သောအိမ်များ အားလုံးနီးပါးကို ဧပြီလအတွင်းက အဓိကပစ်မှတ်ထား မီးရှို့ဖျက်ဆီးခဲ့သည်ဟုလည်း ဆိုသည်။

ဘာသာရေးအစွန်းရောက်အဖွဲ့အစည်းဖြစ်သော RSO၊ ARSA၊ ARA အကြမ်းဖက်အဖွဲ့အစည်းများနှင့် ပတ်သက်ဆက်နွယ်နေသည့် နိုင်ငံတကာရောက် အရပ်ဖက်အဖွဲ့အစည်းအမည်ခံ ကိုယ်ကျိုးရှာအဖွဲ့အစည်းများကလည်း အကြမ်းဖက်စစ်ကောင်စီ၏ အာဘော်နှင့် တူညီသောစကားများကို ရည်ရွယ်ချက်ရှိရှိ ထုတ်ပြန်နေသည်ဟု ဆိုသည်။

ယင်းသို့ မဟုတ်မမှန် လုပ်ကြံသတင်းများကို ပြောဆိုနေခြင်းမှာ AAနှင့် ရခိုင်လူမျိုးနှင့် မူဆလင်တို့အကြား ပူးပေါင်းဆောင်ရွက်မှု၊ ချစ်ခင်စည်းလုံးမှု၊ သဟဇာတဖြစ်မှုများအား တမင်ပျက်ပြားစေရန် ရည်ရွယ်ပြီး စစ်ကောင်စီအလိုကျ လုပ်ဆောင်နေခြင်းဖြစ်သည်ဟု ထုတ်ပြန်ထားသည်။

AAအနေဖြင့် ရခိုင်ပြည်နယ်အတွင်း၌ ဖြစ်ပေါ်လျက်ရှိသည့် အသင်းအချက်အလက်များ၏ ပကတိအမှန်တရားကို ဘက်လိုက်မှုမရှိဘဲ သတင်းကျင့်ဝတ်နှင့်လျော်ညီစွာ သတင်းရယူနိုင်ရေးအတွက်လည်း လိုလိုလားလား လက်ခံကြိုဆိုလျက်ရှိကြောင်း သတင်းထုတ်ပြန်ထားသည်။

#TachileikNewsAgency

Photo: AA Info Desk