မုံရွာမြို့နယ် အုန်းပင်ဆိပ်မှ စစ်ကူထွက်လာသည့် စစ်ကောင်စီသင်္ဘောနှစ်စီး ပစ်ခတ်တိုက်ခိုက်ခံရ

မုံရွာမြို့နယ် အုန်းပင်ဆိပ်မှ စစ်ကူထွက်လာသည့် စစ်ကောင်စီသင်္ဘောနှစ်စီး ပစ်ခတ်တိုက်ခိုက်ခံရ
စက်တင်ဘာ 3, 2024 | 2021 Military Coup| အခြားဒေသများ

စစ်ကိုင်းတိုင်း မုံရွာမြို့နယ် အုန်းပင်ဆိပ်မှ စစ်ကူသွားရန် စုန်ဆင်းလာသည့် စစ်ကောင်စီသင်္ဘောနှစ်စီးအား ပစ်ခတ်တိုက်ခိုက်ကြောင်း ဗမာလွတ်မြောက်ရေးဒီမိုကရက်တစ်တပ်ဦး (BLDF) ထံမှ သိရသည်။

မုံရွာမြို့နယ် အုန်းပင်ဆိပ်မှ စုန်ဆင်းလာသည့် စစ်ကောင်စီ သင်္ဘောနှစ်စီးအား ၂၀၂၄ ခုနှစ် သြဂုတ်လ (၃၀)ရက်နေ့တွင် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့က ရှေ့ထွက်ပြောင်းများ ၊ လက်နက်ငယ်များဖြင့် အချိန်တစ်နာရီကျော်ကြာ ကြားဖြတ်ဟန့်တား တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

တိုက်ခိုက်မှုအတွင်း စစ်ကောင်စီ သင်္ဘောတစ်စီးသည် ရှေ့ထွက်ပြောင်း ထိမှန်ကာ ရပ်တန့်ခဲ့ပြီး ၎င်းအား ကာပေးထားသည့် ကျန်သင်္ဘောတစ်စီးအားလည်း တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့မှ လက်နက်ငယ်များဖြင့် ဝိုင်းဝန်းပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

အဆိုပါဟန့်တား တိုက်ခိုက်မှုအား ဗမာလွတ်မြောက်ရေးဒီမိုကရက်တစ်တပ်ဦး(BLDF)၊ စစ်ဒေသ(၁)နှင့် Chindwin Dynamite (Salingyi)၊ တောင်ပံနီအထူးပြောက်ကျားတပ်ဖွဲ့၊ Fighter Nine Forces(Salingyi) နှင့် S.R.A တော်လှန်ရေးတပ်ဖွဲ့များမှ ပူးပေါင်းဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

#TachileikNewsAgency