မူးမြို့နယ်အတွင်း စစ်ကောင်စီမှ ပြည်သူများအား ဖမ်းဆီးခြင်းနှင့် ပြည်သူပိုင်ပစ္စည်းများအား အဓမ္မ သိမ်းယူခြင်းများ လုပ်ဆောင်နေ

မူးမြို့နယ်အတွင်း စစ်ကောင်စီမှ ပြည်သူများအား ဖမ်းဆီးခြင်းနှင့် ပြည်သူပိုင်ပစ္စည်းများအား အဓမ္မ သိမ်းယူခြင်းများ လုပ်ဆောင်နေ
စက်တင်ဘာ 3, 2024 | 2021 Military Coup| အခြားဒေသများ

ကော်သူးလေအုပ်ချုပ်နယ်မြေ ညောင်လေးပင်ခရိုင် မူးမြို့နယ်အတွင်း စစ်ကောင်စီမှ ပြည်သူများအား ဖမ်းဆီးခြင်းနှင့် ပြည်သူပိုင်ပစ္စည်းများအား အဓမ္မသိမ်းယူခြင်းများ လုပ်ဆောင်နေကြောင်း KNU ဗဟိုထံမှ သိရသည်။

ညောင်လေးပင်ခရိုင် မူးမြို့နယ်အတွင်း ၂၀၂၄ ခုနှစ် ဩဂုတ်လ (၂၇)ရက်နေ့တွင် လည်ပတ်ကျေးရွာအတွင်းတပ်စွဲထားသည့် စစ်ကောင်စီ၏ ခမရ (၃၅၁) တပ်မှ ကျွဲ၊နွား ကျောင်းသည့် ပရဲစီရွာသား တစ်ဦး နှင့် ရေလဲရွာသား တစ်ဦးတို့အား ဖမ်းဆီးသွားပြီး ၎င်းတို့၏ နွား (၂)ကောင်ကိုပါ ဖမ်းဆီး ယူဆောင်သွားခဲ့ကြောင်း သိရသည်။ 

၂၀၂၄ ခုနှစ်၊ ဩဂုတ်လ (၂၉)ရက်နေ့ ည (၁၀)နာရီအချိန်၌ စစ်ကောင်စီ ခမရ (၄၃၉) တပ်ရင်းမှ ၁၂၀ မမ လက်နက်ကြီးတစ်လုံးပစ်ခတ်ရာ ပေါက်ဇလုတ်ကျေးရွာအတွင်း ကျရောက်ပေါက်ကွဲပြီး ပေါက်ဇလုတ်ရွာသား တစ်ဦး ထိခိုက်သေဆုံးခဲ့ကြောင်း သိရသည်။

ထို့အပြင် ၂၀၂၄ ခုနှစ် ဩဂုတ်လ (၂၉) ရက်နေ့ နေ့လယ် (၁)နာရီခွဲဝန်းကျင်တွင် စစ်ကောင်စီတပ်မှ ထောင်ထားသည့် မြေမြှုပ်မိုင်းနင်းမိ၍ ကျွန်းကုန်းညောင်ခြေထောက်ကျေးရွာနေ အရပ်သားတစ်ဦး ခြေခြင်းဝတ် နှစ်ဖက်လုံး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

၂၀၂၄ ခုနှစ် စက်တင်ဘာလ (၁)ရက်နေ့၌ လိပ်ပေါရွာတွင်တပ်စွဲထားသည့် စစ်ကောင်စီ ခမရ (၃၀၆) ဖြူးတပ်ရင်းမှ ပြည်သူပိုင် ဆန်များ၊ မြေဩဇာများနှင့် အခြားအသုံးအဆောင်ပစ္စည်းများအား အဓ္ဓမသိမ်းယူသွားခဲ့ပြီး ထိုနေ့ ညနေ (၆) နာရီအချိန်၌  ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA နှင့် စစ်ကောင်စီတပ်တို့ အကြား တိုက်ပွဲဖြစ်ပွားခဲ့ရာ ရွာကြီးအင်းရွာသား တစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

စစ်တပ်အာဏာသိမ်းပြီးချိန်မှစ၍ သုံးနှစ်ကျော်ကာလအတွင်း စစ်ကောင်စီ၏ အရပ်သားများနေထိုင်သည့် ကျေးရွာများသို့ စစ်ကြောင်းထိုးခြင်း ၊ ရည်ရွယ်ချက်ရှိရှိ လက်နက်ကြီးနှင့်လေကြောင်းများဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်းများကြောင့် ကော်သူးလေအုပ်ချုပ်နယ်မြေ ညောင်လေးပင်ခရိုင်အတွင်း ဒေသခံ (၄၃၀,၁၆၁) ဦး နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။

#TachileikNewsAgency