ဝေါမြို့နယ် ဖိုးစပါယ်ကျေးရွာရှိ စစ်ကောင်စီကာကင်းဂိတ်ကို တော်လှန်ရေးတပ်များသိမ်းပိုက် အရာရှိကိုယ်လွတ်ရုန်းထွက်ပြေး

ဝေါမြို့နယ် ဖိုးစပါယ်ကျေးရွာရှိ စစ်ကောင်စီကာကင်းဂိတ်ကို တော်လှန်ရေးတပ်များသိမ်းပိုက် အရာရှိကိုယ်လွတ်ရုန်းထွက်ပြေး
အောက်တိုဘာ 22, 2024 | 2021 Military Coup| အခြားဒေသများ

ပဲခူးတိုင်း ဝေါမြို့နယ် ဖိုးစပါယ်ကျေးရွာရှိ စစ်ကောင်စီတပ်နှင့် ပျူစောထီးများ အထိုင်ချထားသည့် ကာကင်းဂိတ်ကို KNLA ပူးပေါင်းတပ်က ယနေ့ ၂၀၂၄ခုနှစ် အောက်တိုဘာလ (၂၂)ရက်နေ့ နံနက်ပိုင်းတွင် ဝင်ရောက်တိုက်ခိုက်သိမ်းပိုက်ရာ လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိပြီး အရာရှိလည်း ကိုယ်လွတ်ရုန်းထွက်ပြေးသည်ဟု စစ်ရေးသတင်းအရင်းအမြစ်ထံမှ သိရသည်။

ညောင်ခါးရှည်ရဲစခန်း၏ ကာကင်းလည်းဖြစ် ဖိုးစပါယ်ကျေးရွာအဝင်ရှိ စစ်ကောင်စီတပ်သားနှင့် ပျူစောထီး (၁၅)ဦးခန့် အထိုင်ချထားသည့်ဂိတ်ကို နံနက်(၄)နာရီအချိန်တွင် KNLA ဦးဆောင်၍ ဝေါမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များက တိုက်ခိုက်ကာ စခန်းသိမ်းနိုင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“တိုက်ပွဲက ၄၅ မိနစ်လောက်ကြာတယ်။ အဲဒီမှာ စစ်သားနဲ့ ပျူပေါ့နော် (၁၅)ဦးကျော်ရှိတယ်။ အရာရှိကတော့ ထွက်ပြေးသွားတယ်။ ညောင်ခါးရှည်ရဲစခန်းရဲ့ ကာကင်းဂိတ်လို့လည်း ပြောလို့ရတာပေါ့။ စစ်တောင်းမြစ်ဘက်ကနေ ဝင်လာနိုင်တဲ့ တော်လှန်ရေးတပ်တွေကို ကာထားတဲ့သဘောပေါ့။”ဟု စစ်ရေးသတင်းအရင်းအမြစ်က Tachileik News Agency ကိုပြောသည်။

အဆိုပါ ကာကင်းစခန်းဂိတ်ကို တိုက်ခိုက်သိမ်းပိုက်ရာ စစ်ကောင်စီတပ်မှ နှစ်ပွင့်ဗိုလ်တစ်ဦး ကိုယ်လွတ်ရုန်း ထွက်ပြေးသွားပြီး တော်လှန်ရေးတပ်များလည်း ပြန်လည်ဆုတ်ခွာခဲ့ကြသည်ဟု သိရသည်။

တိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်သား(၂)ဦး၊ ပျူစောထီး(၃)ဦးသေဆုံးကာ ပစ္စတိုတစ်လက်၊ G-3 (၄)လက်၊ အူဂျီ တစ်လက် သိမ်းဆည်းရရှိသည်ဟု သိရသည်။

#TachileikNewsAgency