ပုသိမ်ထောင်မှ နိုင်ငံရေးအကျဉ်းသားများအပါအဝင် အကျဉ်းသား ၂၇၅ ဦးအား မြောင်းမြထောင်သို့ပြောင်းရွှေ့

ပုသိမ်ထောင်မှ နိုင်ငံရေးအကျဉ်းသားများအပါအဝင် အကျဉ်းသား ၂၇၅ ဦးအား မြောင်းမြထောင်သို့ပြောင်းရွှေ့

ဧရာဝတီတိုင်း ပုသိမ်မြို့နယ်ရှိ ပုသိမ်အကျဉ်းထောင်အတွင်းမှ နိုင်ငံရေးအကျဉ်းသားများအပါအဝင် အကျဉ်းသား စုစုပေါင်း (၂၇၅) ဦးအား မြောင်းမြထောင်သို့ပြောင်းရွှေ့ခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက်(PPNM) ထံမှ သိရသည်။

အဆိုပါ ထောင်ပြောင်းရွေ့မှုတွင် နိုင်ငံရေးအကျဉ်းသားဦးရေ (၂၅) ဦးခန့်သာပါဝင်ပြီး ကျန်အကျဉ်းသားများမှာ နယ်စပ်ဖြတ်ကျော်မှုအပါအဝင် အခြားအမှုများ ဖြစ်ကြောင်း သိရသည်။

၂၀၂၄ ခုနှစ် ဩဂုတ်လ (၂၅) ရက်နေ့ နံနက် (၈) နာရီခန့်တွင် ပုသိမ်အကျဉ်းထောင်မှ နိုင်ကျဉ်းများအား မြောင်းမြထောင်သို့ ရွှေ့ပြောင်းခဲ့ခြင်းဖြစ်ပြီး နေ့လယ် (၂)နာရီအချိန်ခန့်တွင် မြောင်းမြထောင်သို့ အန္တရာယ်ကင်းစွာ ရောက်ရှိကြောင်း သိရှိရသည်။ 

ပုသိမ်မြို့တွင် စစ်ရေးပြင်ဆင်နေကြောင်း ကြားသိရ၍ နိုင်ငံရေးအကျဉ်းသားများအပါအဝင် အကျဉ်းသားများအားလုံး၏ လုံခြုံမှုအတွက် သတိထားနေရကြောင်း ပုသိမ်ထောင်နှင့် နီးစပ်သူတစ်ဦးထံမှ ပြန်လည်သိရှိရကြောင်း သိရသည်။

ဩဂုတ်လ လကုန်ပိုင်းတွင်လည်း ပုသိမ်ထောင်မှ နိုင်ကျဉ်းအပါအဝင် အကျဉ်းသားများ ထပ်မံရွှေ့ပြောင်းမှု ပြုလုပ်ရန်ရှိကြောင်း စုံစမ်းရရှိထားပြီး ကျား၊ မ အရေအတွက် စုံစမ်းသိရှိရမှု မရှိသေးကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အသိပေးသည်။

မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက်(PPNM) သည် မြန်မာပြည်အနှံ့ရှိ အကျဉ်းထောင်များအတွင်း နိုင်ငံရေးအကျဉ်းသားများ ကြုံတွေ့နေရသည့် အခက်အခဲများနှင့် စစ်ကောင်စီ၏ ဖိနှိပ်မှုများကို အချက်အလက်နှင့်တကွ စုံစမ်းဖော်ထုတ်ပေးနေသည့် အဖွဲ့အစည်းတစ်ခုဖြစ်သည်။

#TachileikNewsAgency