မြိုင်ပကဖ ရဲဘော်များ၏ စုဖွဲ့လေ့ကျင်မှုသင်တန်းဆင်းပွဲနှင့် လက်နက်တပ်ဆင်ခြင်းအခမ်းအနားပြုလုပ်

မြိုင်ပကဖ ရဲဘော်များ၏ စုဖွဲ့လေ့ကျင်မှုသင်တန်းဆင်းပွဲနှင့် လက်နက်တပ်ဆင်ခြင်းအခမ်းအနားပြုလုပ်

မကွေးတိုင်း မြိုင်မြို့နယ် ပကဖ ရဲဘော်များ၏ စုဖွဲ့လေကျင့်မှုသင်တန်းဆင်းပွဲနှင့် လက်နက်တပ်ဆင်ခြင်း အခမ်းအနားကို ၂၀၂၄ ခုနှစ် ဇန်နဝါရီလ (၁၆)ရက်နေ့တွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။

ရဲဘော်များကို လက်နက်များ တပ်ဆင်နိုင်သဖြင့် ပြည်သူလူထုကို ကျေးဇူးတင်ရမည်ဖြစ်ကြောင်း၊ ဒါကြောင့် လူထုထောက်ခံမှုကို လေးစားတန်ဖိုးထားရမည်ဖြစ်ကြောင်း၊ လူထုထောက်ခံမှု ကျဆုံးသွားလျှင် ယခုတော်လှန်ရေးလည်း ကျဆုံးသွားမည်ဖြစ်၍ လူထုကို အစဉ်အမြဲ ဦးထိပ်ပန်ဆင်ရမည်ဖြစ်ကြောင်း၊ လက်နက်ကိုင်ကျင့်ဝတ်များကို တင်းတင်းကျပ်ကျပ်လိုက်နာရမည်ဖြစ်ကြောင်း၊ လူထုကို ပြောင်းဝမလှည့်မိစေရန် အထူးသတိထားရမည်ဖြစ်ကြောင်း မြို့နယ်ပကဖ တာဝန်ခံ ကိုလက်ယာကပြောသည်။

မြောက်ပိုင်းညီနောင်၏ ၁၀၂၇စစ်ဆင်ရေးနှင့်အတူ ပြည်မအင်အားစုများ အမှီလိုက်နိုင်အောင် ကြိုးစားရမည်ဖြစ်ကြောင်း၊ လှိုင်းကြုံစီး၍ မဖြစ်ကြောင်း၊ လှိုင်းကြုံစီးလျှင် လှိုင်းထဲတဝဲလည်လည်ဖြစ်သွားမည်ဖြစ်ကြောင်း၊ ဒေသတွင်း အင်အားစုများ ယခုထက် ပိုမိုကျစ်လစ်ခိုင်မာလာအောင်၊ ညီညွတ်စွာ စုစည်းနိုင်လာအောင် ရဲဘော်တဦးချင်းစီက ကြိုးစားရမည်ဖြစ်ကြောင်းလည်း ပြောဆိုခဲ့သည်။ 

#TachileikNewsAgency

Photo: မြိုင်-ပကဖ