မူးမြို့နယ်အတွင်း စစ်ကောင်စီ၏ လက်နက်ကြီးပစ်ခတ်မှုကြောင့် ဘုန်းကြီးတစ်ပါး ပျံလွန်တော်မူပြီး ဒေသခံများ ထိခိုက်ဒဏ်ရာရရှိ

မူးမြို့နယ်အတွင်း စစ်ကောင်စီ၏ လက်နက်ကြီးပစ်ခတ်မှုကြောင့် ဘုန်းကြီးတစ်ပါး ပျံလွန်တော်မူပြီး ဒေသခံများ ထိခိုက်ဒဏ်ရာရရှိ

ကော်သူးလေအုပ်ချုပ်နယ်မြေ ညောင်လေးပင်ခရိုင် မူးမြို့နယ်အတွင်း စစ်ကောင်စီ၏ လက်နက်ကြီးပစ်ခတ်မှုကြောင့် ဘုန်းကြီးတစ်ပါး ပျံလွန်တော်မူပြီး ဒေသခံများ ထိခိုက်ဒဏ်ရာရရှိကြောင်း KNU ဗဟိုထံမှ သိရသည်။

ကေအဲန်ယူ−မူးမြို့နယ် အုပ်ချုပ်နယ်မြေအတွင်း ၂၀၂၄ ခုနှစ် ဩဂုတ်လ (၁၇)ရက်နေ့မှ(၁၉)ရက်နေ့အတွင်း ဖြူးမြို့အရှေ့ လိပ်ပေါက်ကျေးရွာ အနီးတွင် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (K.N.L.A) တပ်များနှင့် စစ်ကောင်စီတပ်များ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရသည်။

တိုက်ပွဲဖြစ်ပွားပြီးနောက် ခမရ−၄၃၉ တပ်ရင်းမှ ကုန်းအင်းတောင်ကျေးရွာ၊ ကုန်းအင်းအနောက်ကျေးရွာ၊ ကုန်းအင်းအရှေ့ကျေးရွာ၊ ဆက်ကုန်းကျေးရွာ၊ ဆင်တဲကုန်းကျေးရွာနှင့် သပြေခင်ကျေးရွာများထဲသို့ လက်နက်ကြီးများဖြင့်ပစ်ခတ်ခဲ့သောကြောင့် ထိုကျေးရွာများ၌နေထိုင်သည့် ပြည်သူများသည် ကျေးရွာများအတွင်း နေထိုင်ခြင်းမပြုရဲတော့ဘဲ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။

၂၀၂၄ ခုနှစ် ဩဂုတ်လ (၁၇)ရက်နေ့ ညနေ (၄)နာရီခွဲခန့်တွင် စစ်ကောင်စီတပ် ခမရ−၄၃၉ တပ်ရင်းမှ ပစ်ခတ်ခဲ့သော လက်နက်ကြီးများသည် အိမ်ပင်သာကျေးရွာရှိ ကျေးရွာ ဘုန်းကြီးကျောင်းပေါ် သို့ ကျရောက်ပေါက်ကွဲခဲ့ကြောင်း သိရသည်။

လက်နက်ကြီးကျရောက် ပေါက်ကွဲမှုကြောင့်  ဦးဇင်း ဦးဥက္ကံာသ မှာ ဦးခေါင်းတွင်ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး မြို့ပေါ်သို့ ဆေးကုသခံယူစဉ်တွင် ပျံလွန်တော်မူခဲ့ရကာ ကိုရင်တစ်ဦး ဝမ်းဗိုက်တွင် ဒဏ်ရာရရှိခဲ့သည့်အပြင် ဒေသခံတစ်ဦးလည်း ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

၂၀၂၄ ခုနှစ် ဩဂုတ်လ (၂၁)ရက်နေ့ နံနက် (၁၀) နာရီခန့်တွင် စစ်ကောင်စီတပ် ခမရ−၅၉၉ တပ်ရင်းမှ ၁၂၀ မမ လက်နက်ကြီး (၂)လုံးကို  ကျွန်းတောကျေးရွာအတွင်းသို့ ပစ်ခတ်ခဲ့ရာ ကျေးရွာစာသင်ကျာင်းဝိုင်းအတွင်းသို့ ကျရောက်ပေါက်ကွဲခဲ့ကြောင်း သိရသည်။

လက်နက်ကြီးကျရောက်ပေါက်ကွဲမှုကြောင့် စစ်သင်ကျောင်းဝိုင်းအတွင်းရှိ ကျောင်းသား ၊ ကျောင်းသူ စုစုပေါင်း (၅)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

စစ်တပ်အာဏာသိမ်းပြီးချိန်မှစ၍ သုံးနှစ်ကျော်ကာလအတွင်း စစ်ကောင်စီ၏ အရပ်သားများနေထိုင်သည့် ကျေးရွာများသို့ ရည်ရွယ်ချက်ရှိရှိ လက်နက်ကြီးနှင့်လေကြောင်းဖြင့် ပစ်ခတ်တိုက်ခိုက်မှုများကြောင့် ကော်သူးလေအုပ်ချုပ်နယ်မြေ ညောင်လေးပင်ခရိုင်အတွင်း ဒေသခံ (၄၃၀,၁၆၁) ဦး နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။

#TachileikNewsAgency

Photo: KNU