ဝေါမြို့နယ်တွင် ကြံ့ဖွံ့ပါတီဝင်ကို PDF နှင့်ဆက်သွယ်သည်ဟုဆိုကာ စစ်ကောင်စီတပ်နှင့် ပျူစောထီးများက ဝိုင်းရိုက်ရာက သေဆုံးသွား

ဝေါမြို့နယ်တွင် ကြံ့ဖွံ့ပါတီဝင်ကို PDF နှင့်ဆက်သွယ်သည်ဟုဆိုကာ စစ်ကောင်စီတပ်နှင့် ပျူစောထီးများက ဝိုင်းရိုက်ရာက သေဆုံးသွား

ပဲခူးတိုင်း ဝေါမြို့နယ် သူရဲသမိန်ကျေးရွာတွင် ပျူစောထီးဟု လူသိများပြီး ကြံဖွံ့ပါတီဝင်လည်းဖြစ်သည့် ဒေသခံတစ်ဦးကို စစ်ကောင်စီတပ်နှင့် ပျူစောထီးများက ဝိုင်းဝန်းရိုက်သတ်လိုက်ကြောင်း ဒေသခံများထံမှ သိရသည်။

သူရဲသမိန်ကျေးရွာ ရပ်ကွက်(၈)တွင်နေထိုင်သည့် ဦးအောင်နိုင် အသက်(၅၀)နှစ်ကို ပြည်သူ့ကာကွယ်ရေးတပ် (PDF)နှင့်ဆက်သွယ်သည်ဟုဆိုကာ စစ်ကောင်စီတပ်နှင့် ပျူစောထီးများက ၂၀၂၄ခုနှစ် ဩဂုတ်လ (၂၁)ရက်နေ့ ညပိုင်းတွင် ၎င်း၏နေအိမ်သို့ဝင်ရောက်ဖမ်းဆီးကာ ရိုက်သတ်လိုက်ကြခြင်းဖြစ်သည်ဟု သိရသည်။

“သူက ပျူစောထီးအဖွဲ့ဝင်၊ ကျေးရွာမှာလည်း ပရဟိတလုပ်ငန်းလုပ်တယ်။ သူက မြဝတီဘက်ကိုကားမောင်းတာကို PDF တွေနဲ့ဆက်သွယ်တယ် မသင်္ကာဘူးဆိုပြီးတော့ ည(၈)နာရီလောက်မှာ စစ်ခွေးတွေနဲ့ ပျူတွေက မူးပြီးခေါ်ထုတ် ဝိုင်းရိုက်လိုက်ကြတာ။ မိုးလင်းတော့ သေသွားတယ်။”ဟု ဒေသခံတစ်ဦးက Tachileik News Agency ကိုပြောသည်။

စစ်ကောင်စီတပ်နှင့် ပျူစောထီးများက ဦးအောင်နိုင်ကို ရိုက်နှက်ပြီးနောက် ည(၁၀)နာရီဝန်းကျင်တွင် နေအိမ်သို့ ပြန်လည်ပို့ဆောင်ပေးခဲ့ကြပြီး ရိုက်နှက်ခံရသည့်ဒဏ်ရာများဖြင့် ဩဂုတ်လ (၂၂)ရက်နေ့ နံနက်ပိုင်းတွင် သေဆုံးသွားသည်ဟု ဆိုသည်။

ထို့နောက် ပဲခူးအမြောက်တပ်က သူရဲသူမိန်ကျေးရွာအတွင်းရှိ ဒေသခံများကို ၎င်းတို့သတ်ခြင်းကြောင့် သေဆုံးသည်ဟုပြောဆိုပါက လျှာဖြတ်ပစ်မည်ဟု ခြိမ်းခြောက်ထားကြောင်း ဒေသခံများက ဆိုသည်။

“သူက စစ်တပ်နဲ့အဝင်အထွက်ရှိတယ်။ စစ်တပ်ခိုင်းတာလိုက်လုပ်တယ်။ သူက ကြံ့ဖွံပါတီဝင်၊ ရွာကလည်း သူ့ကို ပျူစောထီးလို့သတ်မှတ်ထားတာ။ သိရသလောက်တော့ ပျူစောထီးအချင်းချင်းချွန်လိုက်တာ။ မြဝတီဘက်သွားတာ၊ သူ့ဘာသာ ကားမောင်တာကို PDF တွေနဲ့ချိတ်ဆက်တယ်ဆိုပြီး မသင်္ကာလို့ခေါ်စစ်ဆေးတာကနေ လက်လွန်သွားတာ။”ဟု ဒေသခံတစ်ဦးက ပြောသည်။

ရိုက်နှက်ခံရခြင်းကြောင့် သေဆုံးသူ ဦးအောင်နိုင်တွင် ခေါင်းနှင့် ရင်ဘတ်တို့၌ ညိုမဲဒဏ်ရာများရရှိကာ သေဆုံးသွားခြင်းဖြစ်သည်ဟုလည်း သိရသည်။

ဦးအောင်နိုင်မှာ ကြံ့ဖွံ့ပါတီဝင်ဖြစ်သော်လည်း ပျူစောထီးအဖွဲ့ဝင်ဖြစ်ကြောင်းကို ဒေသခံများ၏ ပြောဆိုချက်အရသာသိရပြီး Tachileik News Agency အနေဖြင့် သီးခြားအတည်မပြုနိုင်ပါ။

#TachileikNewsAgency