လွိုင်ကော်မြို့ မိုင်းလုံးရပ်ကွက်ကို စစ်ကောင်စီတပ်က မီးရှို့ရာ နေအိမ် ၆၀ ကျော် ပျက်စီး

လွိုင်ကော်မြို့ မိုင်းလုံးရပ်ကွက်ကို စစ်ကောင်စီတပ်က မီးရှို့ရာ နေအိမ် ၆၀ ကျော် ပျက်စီး

ကရင်နီပြည်နယ် လွိုင်ကော်မြို့ မိုင်းလုံးရပ်ကွက်ကို စစ်ကောင်စီတပ်က ဝင်ရောက်မီးရှို့ရာ နေအိမ်(၆၀)ကျော် မီးလောင်ပျက်စီးသွားကြောင်း KNDF ဗဟိုက ယနေ့ ၂၀၂၄ ခုနှစ် ဇူလိုင်လ (၂၇)ရက်နေ့တွင် သတင်းထုတ်ပြန်သည်။

ပြီးခဲ့သည့် ဇွန်လနောက်ဆုံးအပတ်မှစ၍ စစ်ကောင်စီတပ်ဖွဲ့များသည် မိုင်းလုံးရပ်ကွက်အတွင်းသို့ အင်အားဖြည့်၍ စစ်ရေးလှုပ်ရှားမှုများ စတင်ခဲ့ပြီးနောက် ဇူလိုင်လ (၁)ရက်နေ့မှစ၍ ယနေ့ထိ မိုင်းလုံး၊ ရွာတန်းရှည်ရပ်ကွက်များအတွင်းရှိ နေအိမ်များအား မီးရှို့ဖျက်ဆီးခြင်းများကို နေ့စဉ်နီးပါးလုပ်ဆောင်နေသည်ဟု ဆိုသည်။

စစ်ကောင်စီတပ်ဖွဲ့များသည် ဇူလိုင်လ (၁)ရက်နေ့မှစ၍ ရပ်ကွက်အတွင်းရှိ လူထုနေအိမ်အဆောက်အဦးများအား ဖျက်ဆီးဝင်ရောက်၍ ပစ္စည်းများယူဆောင်သည့်အပြင် မီးရှို့ဖျက်ဆီးခြင်းများကြောင့် ဇူလိုင်လ (၂၇)ရက်နေ့ထိ မိုင်းလုံး၊ ရွာတန်းရှည်ရပ်ကွက်များတို့မှ နေအိမ်(၆၀)ကျော် မီးလောင်ပျက်စီးသည်ဟု သိရသည်။

(၁၁.၁၁)တစ်လေးလုံး စစ်ဆင်ရေးစတင်သည့်အချိန်မှစ၍ ယနေ့အထိ လွိင်ကော်မြို့အနှံ့တွင် တော်လှန်ရေးတပ်ဖွဲ့များနှင့် စစ်ကောင်စီတပ်ဖွဲ့များအကြား တိုက်ပွဲများဆက်တိုက် ဖြစ်ပွားနေဆဲဖြစ်ကြောင်း သိရသည်။

ဇွန်လ နောက်ဆုံးအပတ်မှစ၍ စစ်ကောင်စီတပ်ဖွဲ့များမှာ လွိုင်ကော်မြို့၊ မိုင်းလုံးရပ်ကွက်အတွင်းသို့ အင်အားဖြည့်ကာ စစ်ကြောင်းများဖြန့်ထိုး၍ KNDF တပ်ရင်းများနှင့်အတူ KA၊ MK CDF တို့ပူးပေါင်း၍တိုက်ခိုက်နေရာ မိုင်းလုံး၊ ရွာတန်းရှည်၊ ထူဒူငံသ၊ လွိုင်ကော်နည်းပညာတက္ကသိုလ်နှင့် မြကလပ်တောင်တို့တွင် ဇူလိုင်လ (၄)ရက်နေ့မှစ၍ တိုက်ပွဲများပြင်းထန်ခဲ့ပြီး ယနေ့ထိ တိုက်ပွဲများ ရက်ဆက်ဖြစ်ပွားနေသည်ဟုသိရသည်။ 

စစ်ကောင်စီသည် လွိုင်ကော်မြို့တွင် တည်ငြိမ်နေသယောင် ဝါဒဖြန့်ကာ ၎င်းတို့၏ယန္တရားများ ပြန်လည်လည်ပတ်နိုင်ရေးအတွက် မြို့နေလူထုများအားနေရပ်ပြန်ကြရန် စည်းရုံးလှုံ့ဆော်ကာ လူထုအားအသုံးချ အကာအကွယ်ယူရန်ကြိုးစားနေသည်ကို အထူးသတိပြုရန်လိုအပ်သည်ဟုလည်း ထုတ်ပြန်ထားသည်။

စစ်ရေးအခြေနေများနှင့် နောက်ဆက်တွဲ ဖြစ်ပေါ်လာနိုင်သည့် တိုက်ပွဲအခြေနေများကြောင့် ပြည်သူများအနေဖြင့် နေအိမ်ပြန်ခြင်းများ မပြုလုပ်ကြရန်၊ သက်ဆိုင်သည့် တာဝန်ရှိသူများထံမှ မှန်ကန်သည့် သတင်းအချက်အလက်များရယူကြရန်နှင့် လုံခြုံရေးကို ဦးစားပေး၍ စစ်ရေးသတိရှိကြရန် တိုက်တွန်းထားသည်။

#TachileikNewsAgency

Photo: KNDF