ကယားပြည်နယ် ဖားဆောင်းမြို့တွင် သံလွင်မြစ်ရေ မြင့်တက်မှုကြောင့် အိမ်ထောင်စု (၁၆၀)ကျော် ရွှေ့ပြောင်းထားရ

ကယားပြည်နယ် ဖားဆောင်းမြို့တွင် သံလွင်မြစ်ရေ မြင့်တက်မှုကြောင့် အိမ်ထောင်စု (၁၆၀)ကျော် ရွှေ့ပြောင်းထားရ
သြဂုတ် 23, 2020
By Tachileik News Agency
ကယားပြည်နယ် ဖားဆောင်းမြို့တွင် သံလွင်မြစ်ရေ မြင့်တက်မှုကြောင့် အိမ်ထောင်စု (၁၆၀)ကျော် ရွှေ့ပြောင်းထားရ
ကယားပြည်နယ်၊ ဖားဆောင်းမြို့တွင်  ၂၀၂၀ ခုနှစ်၊ သြဂုတ်လ (၂၂)ရက်နေ့မှစ၍ သံလွင်မြစ်ရေ စိုးရိမ်ရေမှတ် ကျော်လွန် မြင့်တက်လာမှုကြောင့် လူနေအိမ်များ ရေနစ်မြုပ်နေရာ သြဂုတ်လ (၂၃)ရက်နေ့၌  အိမ်ထောင်စု (၁၆၀)ကျော်အား ကယ်ဆယ်ရေးစခန်းများသို့ ရွှေ့ပြောင်းထားရကြောင်း သိရသည်။
သြဂုတ်လ (၂၂)ရက်နေ့မှစ၍ သံလွင်မြစ်ရေ မြင့်တက်လာမှုကြောင့် ဖားဆောင်းမြို့အတွင်းရှိ သံလွင်မြစ်ဘေးတစ်လျှောက် ရပ်ကွက်အချို့နှင့် ကျေးရွာများအတွင်းရေဝင်ရောက်ခဲ့သဖြင့် အိမ်ထောင်စုအချို့အား ညတွင်းချင်း အရေးပေါ်ရွေ့ပြောင်း ပေးခဲ့ရပြီး သြဂုတ်လ  (၂၃) ရက်နေ့ ညနေအထိ အိမ်ထောင်စု (၁၆၀)ကျော်ကို ရွှေ့ပြောင်းထားပြီးဖြစ်ကြောင်း သိရသည်။
“အိမ်ခြေအားဖြင့် ကျွန်တော်တို့ (၁၆၁)အိမ် ရေကြီးခဲ့တဲ့အတွက်ကြောင့် ကျွန်တော်တို့ ထောက်ပံ့မှုကိုလုပ်မယ်။ လူဦးရေအားဖြင့် မြို့နယ်အုပ်ချုပ်ရေးမှူးရဲ့တင်ပြချက်အရ ပြည်သူ(၆၅၄)ဦး ကိုထောက်ပံ့မှု ပြုလုပ်သွားမှာ ဖြစ်ပါတယ်။ သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှု ဌာနနဲ့ အစိုးရက စီမံပေးမယ့် တစ်ဦးကျပ်ငွေကတော့ (၂၁၀၀၀)နှုန်းနဲ့ ပေးအပ်မယ်ဆိုတာကို ကျွန်တော့်အနေနဲ့ တင်ပြလိုပါတယ်။ ဆန်ရိက္ခာ(၇)ရက်စာ အတွက်ဖြစ်ပါတယ်။”ဟု ရေဘေးသင့်များ နေရာရွှေ့ပြောင်းပေးရေးတွင် စီမံပေးနေသည့် ကယားပြည်နယ်ဝန်ကြီးချုပ် ဦးအယ်လ်ဖောင်းရှိုက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။
လက်ရှိတွင် ဖားဆောင်မြို့ သံလွင်မြစ်ရေသည် (၂၅၀၂ cm) အထိ မြင့်တက်လာပြီး ဖားဆောင်းမြို့ပေါ်ရှိ တောင်ပိုင်းရပ်ကွက် တွင်အိမ်ထောင်စု(၇၄)စု ၊ မြောက်ပိုင်းရပ်ကွက်မှ အိမ်ထောင်စု(၃၄)စု ၊ ဝမ်အောင်းကျေးရွာ တွင်အိမ်ထောင်စု(၂၄) စု စုစုပါင်းလူဦးရေ (၆၅၄)ဦးကို ကယ်ဆယ်ရေး စခန်းများတွင် ပြောင်းရွေ့နေရာချထားပေးရကြောင်း သိရသည်။
“ လောလောဆယ် လူတွေထိခိုက်မှုမရှိဘဲ တန်ဖိုးကြီးပစ္စည်းတွေလည်း ထိခိုက်မှုမရှိတော့ ဝမ်းသာရပေမဲ့ ဒီမှာရှိတဲ့အိမ်ထောင်စုတွေစားဖို့ တစ်နေ့သုံးနပ်စာပေါ့ ။  လောလာဆယ်တော့လာလှူထားတာတွေ ရှိပါတယ်။ နောက်ထပ် ခေါက်ဆွဲခြောက်လေးတို့ စားစရာပေါ့ လာလှူပေးကြရင်ကောင်းပါတယ်။ လက်ရှိမှာတော့ ကယ်ဆယ်ရေးစခန်းနေရာတွေမှာ စားရေးသောက်ရေးကအစ စီစဉ်ပေးထားပါတယ် “ဟု ရွှေပြည်သို့လူမှုကူညီရေးအသင်း တွဲဖက်အတွင်းရေးမှူး (၁) ဦးနန်းရင် ကပြောသည်။
လက်ရှိ ဖားဆောင်းမြို့ပေါ်တွင် ရေဘေးသင့်ပြည်သူများအတွက် ကူညီကယ်ဆယ်ရေးစခန်း (၂)ခုဖွင့်လှစ်ပေးထားပြီး ပရိဟတအဖွဲ့အစည်းများ၊ နိုင်ငံရေးပါတီများ မှအစားသောက်များ လာရောက်လှူဒါန်းပေးမှုများအပြင် ကယားပြည်နယ်အစိုးရနှင့် သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှုဦးစီးဌာန တို့မှ လူဦးရေ (၆၅၄)ဦးအတွက် ထောက်ပံ့ငွေ (၁,၃၇၃,၄၀၀)ကျပ်အား ထောက်ပံ့ပေးထားကြောင်းသိရသည်။
ဖားဆောင်းမြို့၏ စိုးရိမ်ရေအမှတ်ထက်ရေကျော်လွန်နေမှုကြောင့် ဖားဆောင်း-မော်ချီးသွားလမ်းအချို့နေရာတွင် ရေကြီးရေလျှံ၍ သွားလာရခက်ခဲနေကြောင်း သိရသည်။
“မနေ့က မိုးကြီးတဲ့အချိန် အသံတွေတစ်အားအော်လာတယ်လေ ။ ရေတွေက တဖြေးဖြေးဝင်လာတယ်လေ ။ မီးတွေကပျက်တယ်။ ကျွန်မတို့စိုက်ထားတဲ့ စိုက်ခင်းတွေလည်းအကုန်လုံးလေ ရေတွေမြုပ်ကုန်တော့ဘယ်လိုစားရမှန်းကိုမသိတော့ဘူး။ အဲ့လိုမျိူးဖြစ်သွားတာပေါ့။ စားရေးသောက်ရေးတွေ အကုန်အခက်ခဲဖြစ်ကုန်မှာပေါ့ ။အဲ့လိုခက်ခဲနေတာလေးကို ဝိုင်းပြီး ကူညီထောက်ပံ့ပေးစေချင်တာပေါ့။ “ဟု နေအိမ်နှင့် စိုက်ခင်းများရေနစ်မြုပ် ခဲ့သည့် ဒေါ်နန်းမြ က ပြောသည်။
ဖားဆောင်းမြို့သံလွင်မြစ်ရေ၏ စိုးရိမ်ရေအမှတ်မှာ (၂၂၇၀ cm) ဖြစ်ပြီး လက်ရှိတွင် စိုးရိမ်ရေအမှတ် (၂၅၀၂ cm) အထိရှိနေပြီး စိုးရိမ်ရေအမှတ်ထက် (၂၃၂ cm)ပိုနေသဖြင့် သံလွင်တံတားပေါ်တွင် (၁၃)တန်အထက်ယာဉ်များ ဖြတ်သန်းခွင့်မပြုဘဲ တားမြစ်ထားကြောင်းသိရသည်။
Tachileik News Agency
သတင်း/ဓါတ်ပုံ - ဆန်းဖြိုးထွန်း
 

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~