ကရင်နီ(ကယား)ပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်၊ စစ်မြေပြင်နေရာရှိ အထက်တန်းကျောင်း (၁)ကျောင်းတွင် ပြည်သူပိုင်ဖြစ်သော ကျောင်းသုံးဖတ်စာအုပ်နှင့် ဗလာစာအုပ်အများအပြားကို ပြည်သူ့ကာကွယ်ရေးတပ်- ဒီးမော့ဆို(DMO-LPDF)နှင့် ဒီးမော့ဆိုကျောင်းသားသမဂ္ဂပူးပေါင်းကာ ဇူလိုင်လ(၁၂)နေ့တွင် သွားရောက်ထုတ်ယူခဲ့ကြောင်းနှင့် ကျောင်းပေါင်း (၃၀၀)ကျော် ဖွင့်လှစ်နိုင်ခဲ့ကြောင်း ဒီးမော့ဆို PDF က ယနေ့ ဇူလိုင်လ(၁၃)ရက်နေ့တွင် သတင်းထုတ်ပြန်လာသည်။
"အဆိုပါ ကျောင်းသုံးစာအုပ်များကို ကျောင်းပေါင်း(၁၂)ကျောင်းသို့ ဖြန့်ဝေပေးခဲ့ပြီးနောက် ကျန်ရှိသည့် စာအုပ်အများအပြားကို ကျောင်းသားသမဂ္ဂထံ အပ်နှံထားပြီး လိုအပ်သည့်ကျောင်းသို့ ဆက်လက်ဖြန့်ဝေသွားမည်"ဟု ထုတ်ပြန်အသိပေးထားသည်။
ကရင်နီပြည်နယ်အတွင်း အာဏာသိမ်းစစ်ကောင်စီမှ ဖွင့်လှစ်နိုင်သည့် ကျောင်းပေါင်းမှာ မြို့ပေါ် (၁၀)ကျောင်းသာရှိပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များမှ ဖွင့်လှစ်ထားသည့် ကျောင်းအရေအတွက်ထက် နည်းပါးနေကြောင်းနှင့် ဒီးမော့ဆိုမြို့နယ်တွင် စစ်ကောင်စီမှ မည်သည့်ကျောင်းမျှ ဖွင့်လှစ်နိုင်ခဲ့ခြင်း မရှိပါကြောင်း သိရသည်။
ဒီးမော့ဆိုမြို့နယ်တွင် အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၏ ပညာရေးဝန်ကြီးဌာန လမ်းညွှန်မှုအောက်ရှိ ကျောင်းပေါင်း(၃၀၀)ကျော် ဖွင့်လှစ်နိုင်ခဲ့ပြီး အထက်တန်းအဆင့်ကျောင်းပေါင်း (၂၀)ကျော်၊ Volunteer ဆရာ/ မ ပေါင်း(၂,၀၀၀)ကျော်နှင့် ကျောင်းသူ/ သားပေါင်း(၄၀,၀၀၀)ကျော်ကို သင်ကြားပေးနေကြောင်း ဒီးမော့ဆို PDF၏ ထုတ်ပြန်ချက်အရ သိရသည်။
Photo: DMO-LPDF