စက်ဘီးလှူဒါန်းသည့် အစီစဉ်အား World vision ၏ ဒီးမော့ဆိုမြို့နယ်တွင်းရှိ ဒေသဖွံ့ဖြိုးရေးစီမံကိန်းမှ ဦးတည် ကျေးရွာ/ရပ်ကွက် (၃၁)ခုထဲမှ ကျောင်းသွားလာရာတွင် အမှန်တကယ် အခက်ခဲဖြစ်နေသော ကျေးရွာ(၁၃)ရွာရှိ အလယ်တန်း နှင့်အထက်တန်း ကျောင်းသားကျောင်းသူ ကလေး(၅၄၀)ဦးအား စိစစ်ရွေးချယ်ကာ lesswalk မှ စက်ဘီး (၅၄၀)စီးအား လာရောက်လှူဒါန်း ပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
"ကျွန်တော်တို့အဖွဲ့က နိုင်ငံခြားကနေ စက်ဘီးတွေတင်သွင်းပြီးတော့ အိမ်နဲ့ကျောင်းနဲ့ တစ်နေ့ကိုနှစ်နာရီနဲ့အထက် လမ်းလျှောက်ရတဲ့ ကလေးတွေကို အိမ်မှာ ကားတွေ ဆိုင်ကယ်တွေ မရှိတဲ့ကလေးတွေကို ဦးစားပေးပြီးတော့ စက်ဘီးတွေ လှူဒါန်းနေပါတယ်။ ကျွန်တော်တို့က စက်ဘီးအစီးရေ တစ်သောင်းတင်သွင်းထားပါတယ်။ အမှန်ပြောရရင် လိုအပ်တဲ့ ကျောင်းသားတွေက အများကြီးရှိပါတယ်။ တိုင်းနဲ့ပြည်နယ် အကုန်လုံးကိုမျှဝေချင်တယ် တစ်နေရာထဲ မဟုတ်ပဲ ။ ကယားပြည်နယ်မှာ ကျွန်တော်တို့ ဝေါဗီရှင်နဲ့ပူးပေါင်းပြီး စာရင်းကောက် လိုက်တဲ့ချိန်မှာ ပထမအသုတ် အနေနဲ့ အစီးရေ(၅၄၀)ကို ဒီးမော့ဆိုမြို့မှာ လာလှူတာဖြစ်ပါတယ်။ "ဟု lesswalk တည်ထောင်သူ ကိုသန်းထွန်းဝင်း က ပြောသည်။
Lesswalk မှ လှူဒါန်းမည့် စက်ဘီးများအား ရန်ကုန်မှ ဒီးမော့ဆိုမြို့ထိ သယ်ယူစရိတ်များ အပါအ၀င် အခက်ခဲဖြစ်နေသော ကလေးများ စာရင်းကောက်ခံခြင်းအား world vision မြန်မာ မှ ပူးပေါင်းလုပ်ဆောင်ပေးခဲ့ခြင်း ဖြစ်ကြောင်း သိရပြီး ကယားပြည်နယ်တွင် လွိုင်ကော်မြို့နယ်၌ စက်ဘီး (၆၀)စီး နှင့် ဒီးမော့ဆိုမြို့နယ်တွင် (၅၄၀) စီးတို့အား lesswalk မှလာရောက်လှူဒါန်း ပေးထားကြောင်း သိရသည်။
"ကျွန်တော် မိဘတစ်ယောက် အနေနဲ့တော့ မျက်ရည်တောင်ကျမိတယ် ဝမ်းသာတာပေါ့။ မဝယ်ပေးနိုင်ဘူးလေ တစ်နေ့တစ်နေ့ လမ်းလျှောက်ပဲ သွားနေရတာ ကလေးကတော်တော်ပင်ပန်းပါတယ်။ အခုလို စက်ဘီး လာပြီး အလကားပေးတာပြောတောင်မပြတတ်ဘူးပေါ့ စေတနာပါမှန်း သိသာတယ် စက်ဘီးတွေက အကောင်းစားအသစ်တွေလေ အရမ်းဝမ်းသာပါတယ်။"ဟု ကျောင်းသားမိဘတစ်ဦးဖြစ်သည့် ဦးစဲရယ်ကပြောသည်။
အိမ်နီးချင်းနိုင်ငံများရှိ ပိတ်သိမ်းသွားသည့် စက်ဘီးစက်ရုံများမှ ရောင်းမကုန်သည့် ပိုလျှံ စက်ဘီးသစ်များကို လိုက်လံဝယ်ယူကာ မြန်မာနိုင်ငံအနှံ့ပြားရှိ သွားလာရခက်ခဲသော ကျောင်းများရှိ ကျောင်းသား ကျောင်းသူများ ၏အခက်ခဲတစ်စိတ်တစ်ပိုင်းအား ဖြေရှင်းပေးနိုင်ရန် စက်ဘီးများ လှူဒါန်းမည့် (lesswalk )လမ်းလျော့လျှောက်ဆိုသည့် အစီအစဉ် အား လူငယ်စီးပွားရေး လုပ်ငန်းရှင် ကိုသန်းဝင်းထွန်းမှဦးဆောင်၍ ၂၀၁၉ ခုနှစ်အတွင်း မှ စတင်ခဲ့ခြင်းဖြစ်သည်။
"ကျွန်တော်တို့အဖွဲ့က ပညာရေးကို အလေးထားတယ်။ ကျွန်တော်တို့ ယုံကြည်တာက ပေးလိုက်တဲ့စက်ဘီးတွေကြောင့် အချိန်နောက်ကျမှုနည်းသွားမယ် ကျောင်းလည်း ပိုတတ်ဖြစ်မယ် အချိန်ပိုရလာမယ် စာကြိုးစားပြီးစာတော်လာမယ် အဲ့ကနေ ဘဝလေးတွေပြောင်းလဲလာမယ် ဆိုပြီး ပညာရေးကိုပဲ အလေးထားပြီး ဒီအစီစဉ်ကို ကကျွန်တော်တို့ကြိုးစားနေပါတယ် " ဟု ကိုသန်းဝင်းထွန်း ကပြောသည်။
Lesswalk မှလှူဒါန်ပေးသည့် စက်ဘီးများမှာ ဆောလစ်တာယာအမျိုးအစား ဖြစ်သောကြောင့် လေထိုးပေါက် မပါသလို ဘီးမပေါက်ဘဲ သုံးနှစ်မှ ငါးနှစ်ထိ သုံးနိုင်မှာဖြစ်ပြီး ပျက်ဆီးသွားပါက ပုံမှန်စက်ဘီးတာယာများ ဖြင့်လှဲလှယ်နိုင်ကာ ဆိုလာစနစ်ဖြင့် မီးများပါ ပါရှိသော စက်ဘီးအသစ်များ ဖြစ်ကြောင်း သိရသည်။
lesswalk မှ လက်ရှိတွင် မြန်မာနိုင်ငံအတွင်း စက်ဘီးအစီးရေ တစ်သောင်းတင်သွင်းထားပြီး ဇွန်လမှစ၍ ဧရာဝတီတိုင်း၊ ရန်ကုန်တိုင်း ၊ မန္တလေးတိုင်း ၊ တနင်္သာရီတိုင်း ၊ မကွေးတိုင်း၊ ပဲခူးတိုင်း ၊ ရှမ်းပြည်နယ် ၊ ကချင်ပြည်နယ် နှင့် ကယားပြည်နယ်တို့ ရှိ သွားလာရခက်ခဲသော ကျောင်းများရှိ ကျောင်းသားကျောင်းသူ များအား စက်ဘီးများလှူဒါန်းပေးခဲ့ပြီး အစီးရေ( ၅၀၀၀)မှ (၆၀၀၀) ကြားရှိပြီဖြစ်ပြီး အစီးရေ တစ်သိန်းထိ လှူဒါန်း သွားနိုင်ရန် ကြိုးပမ်းလျှက်ရှိကြောင်း သိရသည်။
မြန်မာပြည်အနှံ့ရှိ သွားလာရခက်ခဲသော ဒေသများရှိ ကျောင်းများတွင် ပညာသင်ကြားနေသော ကလေးများထဲမှ နေ့စဉ် နှစ်နာရီနှင့်အထက် ခြေလျှင်သွားနေရသော ကလေးများ ၊ ကျောင်းသွားရဝေလံ၍ ကျောင်းဆက်တတ်ရန် အခက်ခဲရှိသော ကလေးများ ၊ ကျောင်းသွားရန် ဝေလံ၍ မိဘမှ ထောက်ပံ့မှုမပေးနိုင်သော ကလေးများ နှင့် အမှန်တကယ် အခက်ခဲဖြစ်နေသော ကလေးများ အတွက် စက်ဘီးထောက်ပံ့မှု များအား lesswalk .org facebook page တွင် message box မှလျှောက်ထားနိုင်ပြီး ဖြည့်စွတ်ရမည့် ဖောင်များအား message box မှပြန်လည်ပေးပို့ပေး သွားမှာ ဖြစ်ကြောင်း သိရသည်။