ငါန်းဇွန်မြို့နယ် တောင်ရွာဘိုကျေးရွာရှိ စစ်ကောင်စီစစ်ကြောင်းအား တော်လှန်ရေးအင်အားစုများမှ အနီးကပ်ဝင်ရောက် တိုက်ခိုက်

ငါန်းဇွန်မြို့နယ် တောင်ရွာဘိုကျေးရွာရှိ စစ်ကောင်စီစစ်ကြောင်းအား တော်လှန်ရေးအင်အားစုများမှ အနီးကပ်ဝင်ရောက် တိုက်ခိုက်

မန္တလေးတိုင်း၊ မြင်းခြံခရိုင်၊ ငါန်းဇွန်မြို့နယ်၊ တောင်ရွာဘိုကျေးရွာ ဘုန်းကြီးကျောင်းအတွင်း ရောက်ရှိနေသည့် စစ်ကောင်စီစစ်ကြောင်းအား တော်လှန်ရေးအင်အားစုများမှ အနီးကပ်ဝင်ရောက်တိုက်ခိုက်ကြောင်း မုံရွာခရိုင်အမှတ် (၁၁) တပ်ရင်း People's Defence Force - South Monywa အဖွဲ့ထံမှ သိရသည်။

ငါန်းဇွန်မြို့နယ် တောင်ရွာဘိုကျေးရွာဘုန်းကြီးကျောင်းအတွင်း ရောက်ရှိနေသည့် စစ်ကောင်စီစစ်ကြောင်းအား ၂၀၂၄ခုနှစ် သြဂုတ်လ (၁၆) ရက်နေ့ ညနေ (၃) နာရီခန့်တွင် တော်လှန်ရေးအင်အားစုများမှ ဒရုန်းများ ၊ လက်နက်ငယ်များဖြင့် မီတာ (၁၀၀)ပတ်လည်မှ အနီးကပ်ဝင်ရောက် ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

တိုက်ခိုက်မှုကြောင့် စစ်ကောင်စီဘက်မှ ထိခိုက်ကျဆုံးမှု များပြားခဲ့သည်ဟု မြေပြင်သတင်းများအရ ပြန်လည်သိရှိရကြောင်း People's Defence Force - South Monywa အဖွဲ့က ဆိုသည်။

နှစ်ဖက်ပစ်ခတ်မှုများအပြီး ငါန်းဇွန်မြို့မှ စစ်ကား (၃)စီးဖြင့် စစ်ကူရောက်လာပြီး ၊ လက်နက်ကြီးများဖြင့် ပစ်ခတ်ကာ တောင်ရွာဘိုကျေးရွာဘုန်းကြီးကျောင်းအတွင်း အင်အားထပ်မံပေါင်းသွားသဖြင့် တော်လှန်ရေးအင်အားစုများဘက်မှ လက်နက်အင်အား ၊ ကျည်အင်အားမမျှ၍ ပြန်လည်ဆုတ်ခွာခဲ့ရကြောင်း သိရသည်။

အဆိုပါတိုက်ခိုက်မှုအတွင်း တော်လှန်ရေးအင်အားစုများဘက်မှ ထိခိုက်မှုမရှိခဲ့ဘဲ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

တိုက်ခိုက်မှုအား မုံရွာခရိုင်အမှတ်(၁၁)တပ်ရင်း People's Defence Force - South Monywa ၊ TGYR-YouthGuerrillaCounterRevolution-NZ(ငါန်းဇွန်)၊ ငါန်းဇွန်မြို့နယ် (ပကဖ)၊ 925-ပြောက်ကျားတပ်ဖွဲ့၊ Wings OF KSU၊ မန္တလေးခရိုင်တပ်ရင်း(၅)၊ ဇေယျာရွှေမြေပြောက်ကျားတပ်ဖွဲ့၊ ပြည်တော်ဝင်ပြောက်ကျားတပ်ဖွဲ့နှင့် အားမာန်သစ်ပြောက်ကျားတပ်ဖွဲ့တို့ ပူးပေါင်းဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

#TachileikNewsAgency